Environment, Disasters & Accidents
ဆွာချောင်းရေလျှံမှုကြောင့် နေအိမ်ပြိုလဲ/ပျက်စီးမှုများအတွက် ရေကျဆင်းချိန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ချက်ချင်းဆောင်ရွက်မည်

ရန်ကုန်၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)
ဆွာချောင်းရေလျှံမှုကြောင့် နေအိမ်ပြိုလဲ/ပျက်စီးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ရေကျဆင်းချိန် ချက်ချင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးဝင်းသိန်း က ပြောကြားသည်။
ဆွာချောင်းရေလှောင်တမံမှ ရေများလျော့နည်းလာပြီ ဖြစ်၍ စိုးရိမ်မှုလွန်ကဲရန် မလိုအပ်ကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး စခန်းများသို့ ဆန်နှင့် အခြားထောက်ပံ့ရေး ပစ္စည်းများပေးအပ်ရန် စီစဉ်ထားရှိပြီး ဖြစ်ကြောင်း၊ အမြန်ဆုံး ရေပြန်လည်ကျဆင်းမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် ရက်အနည်းငယ်အတွင်း မိမိတို့နေရပ်သို့ ပြန်လည်နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း ရေကျဆင်းချိန်တွင် တစ်ပြိုင်တည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆွာချောင်းရေလျှံမှုကြောင့် ပျက်ဆီးခဲ့သောနေအိမ်များအား ပြန်လည်ပြုပြင်နေစဉ်(ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ဆွာမင်းလမ်းအုပ်စုရှိ ဆွာချောင်းရေလျှံမှုကြောင့် ပြိုလဲ/ပျက်စီးသွားသည့် လူနေအိမ်များအား ကြည့်ရှုခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီထောက်ပံ့နိုင်ရေး လမ်းညွှန်ခဲ့ကြောင်း သိရသည်။
“ ရေပြန်ကျသွားတဲ့ နေရာတွေကလူတွေကတော့ အိမ်ပြန်ပြီး ပြင်ဆင်နေတာတွေရှိတယ်၊ တစ်ချို့ကတော့ ကယ်ဆယ်ရေးစခန်းမှာပဲရှိသေးတယ်”ဟု ဆွာမြို့ရှိ ဒေသခံတစ်ဦးက ဆိုသည်။(Xinhua)