Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သွပ်မိုး/ထရံကာ နေအိမ် ၈၅ လုံး ပြိုကျ

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရှိ ရေကြီးမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ၌ ဇူလိုင်လ ၂၇ ရက်နေ့ ၀၀း၂၅နာရီ အချိန်တွင် မိုးရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သွပ်မိုး/ထရံကာ နေအိမ် ၈၅ လုံး ပြိုကျပြီး အိမ်၁၉၂ လုံး၊ ဓမ္မာရုံ ၂ ရုံ နှင့် သွပ်မိုး/ အုတ်ကာ RC နှစ်ထပ် ဘုန်းကြီးကျောင်းဆောင် ၃ ဆောင်တို့ အမိုးလန်ခဲ့ကာ စောင်းတန်း ၅ ခန်းနှင့် အုတ်တံတိုင်း တို့အား သစ်ပင်ပိမိ၍ ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ထို့အပြင် မိုးရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ကမ်းမြင့်ကျေးရွာအတွင်းသို့ ရေ ၅ ပေခန့်အထိ ဝင်ရောက်လာသဖြင့် အိမ်ထောင်စု ၂၅ စုသည် ကျေးရွာရှိ အ.မ.က(မူလွန်)ကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း၊ ဥဿာမြို့သစ် (၉)ရပ်ကွက်အတွင်းသို့ ရေ ၁၂ ပေခန့် ဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု ၃၅၇ စုသည် ရပ်ကွက်ဘုန်းကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း၊ ကျောက်ကြီးချောင်းရေ မြင့်တက်မှုကြောင့် ကျောက်ကြီးမြို့နယ် ဝက်လာတောကျေးရွာပါ ကျေးရွာ/ရပ်ကွက် ၄ ခုအတွင်းသို့ ရေ ၇ ပေခန့် ဝင် ရောက်၍ အိမ်ထောင်စု၄၉ စုသည် ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ယာယီ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်းသိရသည်။

မအူတန်းချောင်းရေ တိုက်စားမှုကြောင့် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် မအူတန်းကျေးရွာနှင့် အေးသုခကျေးရွာတို့ ဆက်သွယ်ထားသည့် အရှည် ၁၅၀ ပေရှိ သစ်သားတံတားကျိုးကျပျက်စီးသွားခဲ့ကြောင်း၊ စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မဒေါက်မြို့၊ မြို့မ(၂) ရပ်ကွက် ပါ ရပ်ကွက် ၂ ခုအတွင်းသို့ ရေ ၄ ပေခန့် ဝင်ရောက်သဖြင့် အိမ်ထောင်စု ၂၆၆ စုသည် ဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းသိရသည်။

အလားတူ ဇူလိုင်လ ၂၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူး-တောင်ငူ ရထားလမ်းပိုင်းနှင့် ပဲခူး- မော်လမြိုင် ရထားလမ်းပိုင်းတို့၌ ရထားသံလမ်းပေါ် ရေကျော်နေ၍ ရထားခရီးစဉ် ၈ ခုအား ဖျက်သိမ်းခဲ့ပြီး ပဲခူးမြို့နယ်အတွင်းရှိ ပဲခူးဘူတာပါ ဘူတာ ၆ ခု၌ ရထား ၆ စီး ညအိပ်ရပ်နားလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.