Environment, Disasters & Accidents
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်းဖြတ် မြို့နယ် အတွင်း လယ်မြေ ဧက ၃၀၀ ကျော် ရေလွှမ်းမှု ဖြစ်ပွား
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းသဖြင့် မယ်ဟုတ်ချောင်းနှင့် ပုံပါချောင်း ရေကြီးရေလျှံမှုကြောင့် မိုင်းဟဲကျေးရွာအုပ်စုရှိ လယ်မြေ စုစုပေါင်း ၃၀၇ ဧကကျော် ရေလွှမ်းမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်၍ ဇူလိုင်လ ၂၃ ရက်နေ့အထိ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ချောင်းရေကြီး၊ ရေလျှံမှုကြောင့် မိုင်းဟဲကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများ ဖြစ်သည့် နမ့်ဟွေယွန်း၊ နမ့်ဟွေလုံ၊ ရှေခင်-၁၊ ဝမ်ကပ်၊ ဟိုခန့်၊ ဘူရှီး၊ တုံလုံ တို့မှ ကွင်းအမှတ်(၂၈/က ) ကွင်း၊ (၂၈/ခ)ကွင်း၊ ပါဝုန်းစည့်ကျေးရွာများမှ တောင်သူ (၁၃၀)ဦးတို့ ၏ လယ်ယာမြေ (၃၀၇.၅၁)ဧကကို ရေလွှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တာချီလိတ်မြို့နယ် ၊ မိုင်းကိုးကျေးရွာအုပ်စု၊ နမ့်တွန်ချောင်း ရေကြီးရေလျှံမှုကြောင့် ဆီလီငေါ့-မောတွီ လမ်းရှိ အလျား(၃၀)ပေ၊ အကျယ်(၁၂)ပေ ကျယ် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်တံတားသည် ချဉ်းကပ်လမ်း ငါးပေခန့် ရေတိုက်စားမှု နှစ်နေရာဖြစ်ပွားခဲ့ပြီး သွားလာမှု အဆင်ပြေရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)