Connect with us

Social

ရေကြီးနစ်မြုပ် ပျက်စီးသွားသော လယ်မြေများ မိုးစပါး အချိန်မီ ပြန်လည် စိုက်ပျိုး နိုင်ရေး နှိုးဆော်

လယ်ယာမြေ လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

တစ်နိုင်ငံလုံး မိုးစပါး စိုက်လယ်မြေ ၁၅ သန်းကျော်ရှိသည့်အနက် စုစုပေါင်း ၄၁၆၁၃၅ ဧက ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် တောင်သူလယ်သမားများ၏ ရေကြီးနစ်မြုပ် ပျက်စီးသွားသော လယ်မြေများအား မိုးစပါး အချိန်မီပြန်လည် စိုက်ပျိုးနိုင် ရေး လိုက်နာ ဆောင်ရွက်ရန် နည်းလမ်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တိုက်တွန်း နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

ထိုနည်းလမ်းများမှာ အရန်ပျိုးများဖြင့် ပြန်လည်အစားထိုး စိုက်ပျိုးခြင်း ၊ သက်လတ်နှင့် သက်ကြီးစပါးမျိုးများကို သက်တမ်း ရက် (၆ဝ)အတွင်းရှိ စပါးစိုက်ခင်းမှသားတက်ခွဲ၍ ပွားများ စိုက်ပျိုးခြင်း ၊ သက်လျင်စပါးမျိုး(ရက် ၉ဝ၊ သီးထပ်ရင်၊ ရွှေသွယ်ရင်)ဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း သို့မဟုတ် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်း ၊ ပျက်စီးမှု မရှိသော စပါးခင်းများအား ရေသွင်း၊ ရေထုတ်ပြုလုပ်ပေးပြီး သဘာဝ မြေသြဇာနှင့် ပုလဲဓာတ်မြေသြဇာ ရောစပ် ထည့်သွင်းပေးခြင်း၊ ရောစပ်ရာတွင် သဘာဝမြေသြဇာနှင့် ပုလဲမြေသြဇာကို ၃း၁ ဖြင့် ရောစပ်သုံးစွဲခြင်းများ အသုံးပြု ဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။
ထို့အတူ ရေကြီးနစ်မြုပ်မှုမရှိဘဲ ပုံမှန်ကောင်းမွန်နေသော စပါးခင်းများအား အထွက်နှုန်း တိုးတက်ရေးအတွက် ပေါင်းမြက် နှိမ်နင်းခြင်း၊ ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာကို အချိုးညီအချိန်ကိုက် ထည့်သွင်းခြင်း၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ ရေသွင်းရေထုတ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရသည်။
ရေကျသွားချိန်တွင် ရေကြီးနစ်မြုပ်ပျက်စီးသည့် ဧရိယာများတွင် မိုးစပါးပြန်လည် အစားထိုး စိုက်ပျိုးနိုင်ခြင်း မရှိသည့် ဧရိယာများနှင့် အခြား သီးနှံပျက်စီးသည့်ဧရိယာများတွင် ရေမြေဒေသနှင့် ကိုက်ညီသည့် သီးနှံများကို အချိန်မီ အပြည့်အဝပြန်လည် အစားထိုး စိုက်ပျိုးသွားနိုင်ရေးတို့အတွက် ကြိုတင်စီမံ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း သိရသည်။(Xinhua)