Environment, Disasters & Accidents
လာနီညာ ရာသီဥတု ဖြစ်စဉ် နှင့်ပတ်သက်၍ ထိခိုက်ဆုံးရှုံးနိုင်ခြေများကို ဖော်ထုတ်ပြီး အနည်းဆုံး ဖြစ်စေရေး ဆောင်ရွက် ကြရမည်
ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)
လာနီညာ ရာသီဥတု ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ရောက်မှု ဖြစ်နိုင်သည့် အန္တရာယ်များ၊ ထိခိုက် ဆုံးရှုံး နိုင်ခြေ များကိုဆွေးနွေး ဖော်ထုတ်ကြပြီး ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ရာတွင် သဘာဝဘေးဒဏ်ခုခံနိုင်စွမ်းရှိနေမှု အခြေအနေပေါ် မူတည်၍ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာ ကွာခြားနိုင် သဖြင့် ခုခံနိုင်စွမ်း မြင့်မား နေရေး ဆောင်ရွက်ရန် လိုကြောင်း ၊ ဘေးဖြစ်လာသည့် အခါ အလျင်အမြန် တုံ့ပြန်နိုင်ရေး ကြိုတင် ပြင်ဆင်ထားရန် လိုကြောင်း၊ ဘေးမဖြစ်မီ၊ ဖြစ်ဆဲ၊ ဖြစ်ပြီး လုပ်ငန်းများအားလုံးကို ပူးပေါင်းဆောင် ရွက်ကြရန်လိုကြောင်း လာနီညာ အတွက် ကြိုတင်ပြင်ဆင်မှုနှင့် ပြီးခဲ့သည့်ဘေးများကို ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လာနီညာနှင့် ဆက်စပ်ပြီး ဖြစ်လာနိုင်သော ဘေးအန္တရာယ်များ အတွက် သာမက ရာသီကာလအရ သော် လည်းကောင်း ၊ ဒေသအလိုက်သော်လည်းကောင်း ဖြစ်ပွား လာနိုင်သည့်ဘေးအန္တရာယ်များ အတွက်ပါ ကြိုတင် ပြင်ဆင်စီမံမှုများကို ဆောင်ရွက်ထားရန် လိုအပ်ကြောင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။
သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အဆင့်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုကော်မတီ ၊ လုပ်ငန်းကော်မတီ(၁၂)ခု၊ တိုင်းဒေသကြီး /ပြည်နယ်အဆင့်တွင် တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ခရိုင်၊ မြို့နယ်၊ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းထားကြောင်း သိရသည်။(Xinhua)