Connect with us

Culture & Entertainment

အသက် ၁၃ နှစ်အရွယ်တွင် တစ်ကိုယ်တော်ပန်းချီပြပွဲ ကျင်းပခဲ့သည့် ပန်းချီဆရာ ဘုန်းမြတ်စံ ပန်းချီပြပွဲများဆက်လက်ကျင်းပရန်ရှိ

တစ်ကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်နိုင်ခဲ့သည့် အသက် ၁၃ နှစ်အရွယ် ပန်းချီဆရာ ဘုန်းမြတ်စံကို ၎င်း၏ ပန်းချီကားများနှင့်အတူ ဩဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့ နေအိမ်၌ တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
အသက် ၆ နှစ်အရွယ်မှစ၍ ပန်းချီစတင်ဆွဲခဲ့ကာ အသက် ၁၃ နှစ်အရွယ်တွင် တစ်ကိုယ်တော်ပန်းချီပြပွဲကျင်းပခဲ့ပြီး နောက်ပိုင်းတွင် ပန်းချီပြပွဲများ ဆက်လက်ပြုလုပ်သွားရန်ရှိကြောင်း အသက် ၁၃နှစ်အရွယ် ပန်းချီဆရာ ဘုန်းမြတ်စံက ဆင်ဟွာသို့ ဩဂုတ် ၂၄ ရက်၌ ပြောသည်။

ပန်းချီဆရာ ဘုန်းမြတ်စံက “နောက်ပြပွဲတွေမှာ outdoor ထွက်ပြီး ဆွဲခဲ့တဲ့ကားတွေကို ပြဖို့စီစဉ်ထားပါတယ်” ဟု ဆိုသည်။
ပန်းချီဆရာ ဘုန်းမြတ်စံ၏ ပထမအကြိမ်တစ်ကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ရှိ Artist Gallery Café ၌ ဇူလိုင် ၉ ရက်မှ ၁၁ ရက် အထိ ကျင်းပပြုလုပ်ခဲ့ပြီး ပန်းချီကားပေါင်း ၅၀ ဝန်းကျင် ပြသခဲ့ကြောင်း သိရသည်။

“ပြပွဲမတိုင်ခင်ကတည်းက Artist Gallery Café မှာ ပန်းချီကားတွေ သွားတင်ဖြစ်ခဲ့တယ်။ ကိုဗစ်ဖြစ်တုန်းက တင်ထားတဲ့ပန်းချီကားထဲက ၂ ကား၊ ၃ ကား ရောင်းရတယ်။ အဲဒီရောင်းရတဲ့ငွေကို ကိုဗစ်အတွက် အောက်ဆီဂျင်လှူလိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာထပ်ပြီးတော့ ၁၂ ကားရောင်းရတယ်။ ပန်းချီပြပွဲလုပ်ဖြစ်တာကတော့ သားရဲ့မွေးနေ့လည်း ရှိတယ်၊ Gallery က အန်တီကလည်း Solo ပွဲလေးလုပ်ပါလားဆိုလို့ လုပ်ဖြစ်သွားတာပါ’’ ဟု ၎င်းကဆက်ပြောသည်။

အသက် ၆ နှစ်အရွယ်တွင် ဖခင်ဖြစ်သူက ပန်းချီသင်တန်းတက်ခိုင်းခဲ့ရာမှ ဝါသနာပါလာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပန်းချီဆရာ ဘုန်းမြတ်စံက “သားတက်ဖြစ်ခဲ့တဲ့ သင်တန်းက Art Zone Art School ပေါ့။ ပန်းချီဆရာမ ခိုင်သဉ္ဇာစုက သားကို သင်ပေးတယ်… ၂၀၂၀ပြည့်နှစ်က ထားဝယ် မှာ ပုံတူပန်းချီဆွဲတဲ့သင်တန်းတက်ဖြစ်ခဲ့ပါတယ်။ ဆရာကြီးတွေ သင်ပေးတာပါ။၂၀၂၁ ခုနှစ်ထဲမှာ ရေဆေးဆရာ အောင်ထက်လွင်နဲ့ အွန်လိုင်း သင်တန်းအနေနဲ့ ၅ လ သင်တန်းတက်ဖြစ်ပါတယ်။ Youtube ကနေလည်း လေ့လာဖြစ်ပါတယ်။ ပန်းချီဆရာတွေရဲ့ အိမ်တွေဆီသွားလည်ပြီးနားမလည်တာတွေကို မေးပြီးသင်ယူခဲ့ပါတယ်’’ ဟု ဆက်ပြောသည်။
မိဘများအနေဖြင့်လည်း ၎င်း၏ဝါသနာအား ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

ပန်းချီဆရာ ဘုန်းမြတ်စံ၏ ဖခင်ဖြစ်သူ ဦးအောင်မျိုးက “ အိမ်လှေကားက ကြော်ငြာကိုတွေ့ပြီး ပန်းချီသင်တန်းတက်ခိုင်းဖြစ်တာပါ။ သူကလမ်းရွေးချယ်တာမှန်သွားတယ်။ သူ့အနေနဲ့ စုတ်ချက်ကြမ်းကြမ်းနဲ့ဆွဲတာကို ကြိုက်တယ်။ သူ့ကို ပန်းချီသင်တန်းတက်တုန်းက ဆရာမက talent ရှိတယ်လို့ ပြောပြီးနွေရာသီပန်းချီသင်တန်းရော စနေ၊ တနင်္ဂနွေမှာရော သင်တန်းတွေဆက်တက်တယ်။ အရင်က ပန်းချီသင်တန်းက ပြန်လာရင် ပန်းချီမဆွဲတော့ ဘူး။ အရုပ်တွေနဲ့ဆော့တယ်။ ကျွန်တော့်အနေနဲ့ စန္ဒရားဆရာကြီး ဦးအောင်ဝင်းနဲ့တွေ့တော့ သူငယ်ငယ်အရွယ်မှာ သူ့အဖိုးက သူစန္ဒရားသင်တဲ့အချိန်မှာ သီချင်းတစ်ပုဒ် ကို ၁၅ ပြားပေးတယ်။ အဲဒီတော့ ကလေးက စန္ဒရားတီးရင်း လက်တွေ တက်လာတယ်။ အဲဒီတော့ သားကိုလည်း ကျွန်တော်က A4 size တစ်ပုံဆွဲရင် ၁၀၀၀ ကျပ်ပေးတယ်။ ပိုက်ဆံစုလို့ရပြီဆိုတာ နဲ့ သူလိုချင်တဲ့ အရုပ်ဝယ်ပေါ့။ နောက်ပိုင်းကျတော့ သူက အလိုလိုနေရင်းကိုပန်းချီဆွဲချင်နေတော့တာ။ လက်ကတက်သွားတာပေါ့’’ ဟု ပြောသည်။

၎င်း၏တစ်ကိုယ်တော်ပန်းချီပြပွဲတွင် ပြသခဲ့သည့် ပန်းချီကားများ၏ ၇၀ ရာခိုင်နှုန်းခန့် ရောင်းချခဲ့ရကြောင်း ဦးအောင်မျိုး က ဆိုသည်။ ထို့ပြင်၎င်း၏ ပန်းချီကားများအား ပြည်တွင်းမှ ပန်းချီကားဝယ်ယူစုဆောင်းသူများသာမက ပြည်ပကပါ ဝယ်ယူမှုများ ရှိကြောင်း သိရသည်။

“ကျွန်တော်အနေနဲ့ ပန်းချီလည်းလုပ်မယ်။ ကျောင်းစာလည်းလုပ်ဖြစ်မှာပါ။ မြန်မာနိုင်ငံမှာ Foreign Language တက်ချင်တယ်…နိုင်ငံခြားမှာကျတော့ ပန်းချီနဲ့ ပတ်သက်တဲ့ တက္ကသိုလ်ကို တက်ချင်ပါတယ်’’ ဟု ပန်းချီဆရာ ဘုန်းမြတ်စံက ပညာရေးနှင့် ဟန်ချက်ညီအောင်ကြိုးစားမည့် ၎င်း၏ ရည်ရွယ်ချက်အား ရှင်းပြသည်။
၎င်း၏ ပထမဆုံးပန်းချီပြပွဲတွင် ပုဂံ၊ ထားဝယ်၊ ကချင်ပြည်နယ်ရှိ ရှုခင်းအလှ ပန်းချီကားများ၊ ပန်းအလှပုံတူပန်းချီကားများ ထည့်သွင်းပြသခဲ့ကြောင်း သိရသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.