Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် သစ်ပင်၂၄ သန်းကျော် စိုက်ပျိုးတည်ထောင်လျက်ရှိ

သစ်တောစိုက်ခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင်၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် သစ်တောပြုန်းတီးမှုအား ကာကွယ်သည့်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် သစ်ပင်ပေါင်း ၂၄.၆၁၉ သန်း စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြင့်နိုင်ဦးက ဆင်ဟွာသို့ ပြောသည်။

သစ်တောစိုက်ခင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးလျက်ရှိပြီး စီးပွားရေးစိုက်ခင်း၊ ဒီရေတောစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ စက်မှုကုန်ကြမ်းစိုက်ခင်းနှင့် ကျေးရွာထင်းစိုက်ခင်းတို့ကို စိုက်ပျိုးတည်ထောင်လျက်ရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

သစ်ပင်စိုက်ပျိုးခြင်း၏ အဓိကရည်ရွယ်ချက်များမှာ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ရန်၊ ဆိုင်ကလုန်းမုန်တိုင်းများနှင့် မုန်တိုင်းများကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ရန် ဒေသခံပြည်သူများအား သစ်တောထွက်ကုန်များ တင်ပို့ရောင်းချခြင်းဖြင့် တိုင်းပြည်စီးပွားရေးကို အထောက်အကူဖြစ်စေရန် ပါဝင်သည်။

ဦးမြင့်နိုင်ဦးက “သစ်ပင်တွေ စိုက်ပျိုးခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စီးပွားရေးစိုက်ခင်းက စီးပွားရေးအရ အရေးပါတဲ့ အပင်တွေစိုက်ပျိုးပြီးကြီးလာရင်ခုတ်မယ်။ နိုင်ငံခြားကို အိတ်စပို့လုပ်မယ်။ ထုတ်လုပ်ရောင်းချမယ် အဲဒီရည်ရွယ်ချက်နဲ့ စိုက်ပါတယ်။ ရေဝေရေလဲ စိုက်ခင်းတွေကတော့ မြေဆီလွှာတိုက်စားမှုတွေ မြစ်ချောင်းတွေမှာ နုန်းအနယ်အနှစ် ပို့ချမှုတွေ နည်းနိုင်သမျှ နည်းစေဖို့၊ ရေစင်းဧရိယာမှာ ရှိတဲ့ မြေကြီးတွေ တိုက်စားပြီး ချောင်းတွေ၊ မြစ်တွေထဲရောက်မသွားစေဖို့ ရည်ရွယ်ပြီးစိုက်တာပါ။ ဒီရေတောစိုက်ခင်းတွေကတော့ မိုခါမုန်တိုင်းလို အန္တရာယ်ရှိတဲ့ မုန်တိုင်းတိုက်ခတ်လာရင် အဆောက်အဦတွေ ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှနည်းအောင် သဘာဝကပေးတဲ့ အစိမ်းရောင်တံတိုင်းကြီးအနေနဲ့ ကျွန်တော်တို့က လေဒဏ်၊ မိုးဒဏ်ကို ခံနိုင်ရည်ရှိဖို့ စိုက်တာပါ။ ဒီရေတောမှာ နေထိုင်တဲ့ ရေနေသတ္တဝါတွေ ရှင်သန်ကျက်စားနိုင်ဖို့၊ ဒီရေတောမှာ မှီတည်ပြီးတော့ လုပ်ကိုင်စားသောက်နေကြတဲ့ ဒေသခံပြည်သူတွေ အတွက် စားဝတ်နေရေး အထောက်အကူပြုဖို့ကို ရည်ရွယ်ပြီးစိုက်ပါတယ်။ စက်မှုကုန်ကြမ်းစိုက်ခင်းကတော့ စက်မှုကုန်ကြမ်းအနေနဲ့ လိုအပ်တဲ့ အပင်တွေကို စိုက်ပျိုးပြီး အဲဒီကထွက်တဲ့ ကုန်ကြမ်းတွေကို စက်ရုံတွေမှာ သုံးဖို့ရည်ရွယ်ချက်နဲ့ စိုက်ပျိုးပါတယ်။ ကျေးရွာထင်းစိုက်ခင်းကတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ပြည်သူလုထု အတွက် ထင်းလောင်စာအသုံးပြုနိုင်ဖို့ အတွက် မန်ဂျပ်ရှားတို့ မယ်ဇလီတို့လို ဒေသပေါ်မူတည်ပြီး ကြီးမြန်သစ်မျိုးတွေကို စိုက်ပါတယ်”ဟု ပြောသည်။

“ဒီနေ့အထိ အပင်ပေါင်း သန်း ၂၀ ကျော်၊ ဒီနှစ်လျာထားချက်အရ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးပါပြီ”ဟု ဦးမြင့်နိုင်ဦးကဆက်ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒီရေတောနှင့် စီးပွားရေးစိုက်ခင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများဖြစ်သည့် ကျွန်း၊ ပျဉ်းကတိုးပင်တို့ ကို အဓိကစိုက်ပျိုးကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်တော၊ သစ်ပင်များအား ထူထောင်လျက်ရှိကြောင်းနှင့် ဒေသပေါ်မူတည်၍ သစ်ပင်များ စိုက်ပျိုးလျက်ရှိကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“သစ်တောပြုန်းတီးမှုတွေကတော့ သစ်တောပေါ်မှာ အလွန်အမင်းမှီခိုနေတဲ့ ဒေသတွေ၊ ထင်းသုံးများတဲ့ နေရာတွေမှာ သစ်တောပြုန်းတီးမှုတွေ ရှိပါတယ်။ နောက်ပြီးတော့ လယ်ယာမြေချဲ့ထွင်တာတို့၊ တရားမဝင်သစ်ခိုးထုတ်တာတို့ ကြောင့်အပါအဝင် တခြား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားပါတယ်”ဟု ဦးမြင့်နိုင်ဦးကပြောသည်။

မြန်မာနိုင်ငံသည်၂၀၂၀ ပြည့်နှစ်တွင် ကောက်ယူထားသည့် စစ်တမ်းအရ သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းခန့် ရှိပြီး ၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှုစစ်တမ်းကို ပြန်လည်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်အထိ ၁၀နှစ်တာ စီမံကိန်းအနေဖြင့် သစ်ပင်စိုက်ပျိုးတည်ထောင်ရေး စီမံကိန်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်နေမှု ၆ နှစ်တာကာလအတွင်း ၄၅ ရာခိုင်နှုန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ နောက်ထပ် ၅၅ ရာခိုင်နှုန်းကိုမူ စီမံချက်ကာလ၌ ပြီးစီးရေးအတွက် စီမံကိန်းချမှတ်ပြီးဆောင်ရွက်နေကြောင်း ဦးမြင့်နိုင်ဦးက ဖြည့်စွက်ပြောကြားသည်။

၂၀၂၂ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်ပင်ပေါင်း ၂၃.၅၇ သန်း စိုက်ပျိုးခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.