Connect with us

Environment, Disasters & Accidents

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မိုးရေချိန်စံချိန်သစ်တင်ရောက်ရှိခဲ့ပြီး ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နှစ်ပေါင်း ၇၆ နှစ်အတွင်း မိုးရေချိန်စံချိန်သစ်တင်ရောက်ရှိခဲ့ကာ၊ ရေကြီးနှင့် မြေပြိုခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၉ ရက်၌ ပြောသည်။

ကော့သောင်းမြို့တွင် ဇူလိုင် ၁၈ ရက်က ရွာသွန်းခဲ့သည့် မိုးရေချိန် စံချိန်သစ် ရွာသွန်းမှုဇယားအား တွေ့ရစဉ် (ဓာတ်ပုံ- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက မိုးရေချိန် စံချိန်ဟောင်း ၂၃၂ မီလီမီတာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈ ရက်တွင် မိုးရေချိန် စံချိန်သစ် ၂၅၃ မီလီမီတာအထိ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဦးလှထွန်းက “အခုလိုမိုးရေချိန် စံချိန်သစ်တင်တာက အဲဒီကာလမှာ အပူပိုင်းမုန်တိုင်းငယ်ကြောင့် မုတ်သုံအား ကောင်းခဲ့တယ်။ အဲဒါကြောင့် မိုးရေချိန်စံချိန်သစ်တင်တာဖြစ်တယ်။ မြန်မာနိုင်ငံတောင်ပိုင်းမှာ နောက် တစ် ရက်၊ နှစ် ရက်လောက်အထိ မိုးကောင်းနိုင်ပါတယ်’’ ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့၊ ထားဝယ်မြို့နှင့် မြိတ်မြို့များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုလဲခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မွန်ပြည်နယ်ရှိ မြို့အများစုတွင်လည်း ဇူလိုင် ၁၈ ရက်က ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရပြီး ကယ်ဆယ်ရေးအဖွဲ့များက မုဒုံမြို့ နှင့် သံဖြူဇရပ်မြို့များရှိ လမ်းများ၌ စက်လှေများဖြင့် လူများကို ကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

ဦးလှထွန်းက “အခုဒီရက်ပိုင်းမှာ မုတ်သုံအားကောင်းနေတဲ့အတွက် မြစ်ကမ်းနံဘေးမှာ နေထိုင်သူတွေအနေနဲ့ အထူးဂရုပြုနေထိုင်သင့်ပါတယ်။ မုတ်သုံအားကောင်းပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်တဲ့အတွက် မြေပြိုခြင်း၊ ရေကြီးခြင်း၊ သစ်ပင်ကျိုးခြင်း အန္တရာယ်တွေကို အထူးဂရုပြုဖို့လိုပါတယ်’’ ဟုပြောသည်။ (Xinhua)