Connect with us

Politics, Law & Military

ကချင်ပြည်နယ်တွင်း ဘိန်းခင်း ပဋိပက္ခနှင့် ပတ်သက်ပြီး ထိခိုက် ပျက်စီးမှုများကို စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်

ဘိန်းခင်း ပဋိပက္ခနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်အတွင်း ဘိန်းခင်း ပဋိပက္ခနှင့် ပတ်သက်ပြီး ထိခိုက်၊ ပျက်စီးမှုများကို စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းကာ အခြေအနေ အမှန်များ ပေါ်ပေါက်အောင် စနစ်တကျ စစ်ဆေး၍ ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး သူရမျိုးတင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့၏ ဥပဒေမဲ့ လုပ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ လူနေ အဆောက်အအုံများ၊ မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း၊ ဆက်လက်၍ ပဋိပက္ခ ပြဿနာများ ဖြစ်ပွား နိုင်သည့် အလားအလာ ရှိနိုင်သည့်အတွက် တည်ငြိမ်အေးချမ်းမှု ရရှိစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းကာ အခြေအနေ အမှန်များ ပေါ်ပေါက်အောင် စနစ်တကျ စစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးစွာ ဗိုလ်မှူးကြီး သူရမျိုးတင်က သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

လူထုအခြေပြု ဘိန်းခင်း ဖျက်ဆီးရေး အဖွဲ့နှင့် ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့ခြောက်ဖွဲ့ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ကာ အထိအခိုက် အနည်းဆုံးဖြစ်အောင် အကောင်းဆုံး နည်းလမ်းများဖြင့် ကြိုးစားဆောင်ရွက် ခဲ့ကြကြောင်း ၎င်းက ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ် ရဲတပ်ဖွဲ့မှူးက လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့စတင် ပေါ်ပေါက်လာပုံနှင့် ဥပဒေမဲ့ ဆောင်ရွက်မှုကြောင့် တိုင်တန်းခံရသော အမှုများ အကြောင်းကို ဖြစ်စဉ်များနှင့်တကွ ရှင်းလင်းပြောကြားပြီး ယခုအခါတွင် ဒေသခံပြည်သူ ၁၄ ဦး၊ လူထု အခြေပြု အဖွဲ့မှ ၃၂ ဦး ဒဏ်ရာ ရရှိခဲ့ပြီး မြစ်ကြီးနားမြို့ ပြည် သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း ဆိုသည်။

ယင်း ဘိန်းခင်း ဖျက်ဆီးရေး အဖွဲ့နှင့် လုံခြုံရေးလိုက်ပါ ဆောင်ရွက်ခဲ့ကြသော ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာ အဖွဲ့မှ တာဝန်ရှိသူများက ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်ဖြစ်စဉ်များနှင့် ပတ်သက်၍ ဒေသခံများက လက်လုပ်မိုင်းများ၊ တူမီးသေနတ်များ အစရှိသည့် လက်နက်များဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များနှင့် လုံခြုံရေး အဖွဲ့များက တားဆီးထိန်းသိမ်း ခဲ့သော်လည်း လူထုအခြေပြု အဖွဲ့မှ ပြုလုပ်ခဲ့သည့် လုပ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု၊ နေအိမ် အဆောက်အအုံများ၊ မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးမှုများ အမှန်တကယ် ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားခဲ့ရာတွင်လည်း လုံခြုံရေး အဖွဲ့များ အနေဖြင့် အမှန်တကယ် ဖြေရှင်းဆောင်ရွက် ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ကချင်ပြည်နယ် အတွင်း ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့၏ ဆောင်ရွက်မှုများနှင့် ပဋိပက္ခ ဖြစ်ပွားမှု အခြေအနေများကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ (Xinhua)