Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရကြောင်း ကော်မရှင်အတည်ပြုကြေညာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ပြည်ထောင်စုလွှတ်တော်၌ ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ပြည်ထောင်စုလွှတ်တော်၌ ၂၀၁၈ ခုနှစ်အတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဝင်ရောက် အရွေးချယ်ခံ ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ ၁၁ ရက် နေ့လည်ပိုင်းတွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း အတည်ပြုကြေညာရာတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

လက်ရှိ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နေသည့် ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဒုတိယဥက္ကဋ္ဌ(၁)လည်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ်မှပင် ထပ်မံ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ၊ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေးပါတီ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တို့မှ ကိုယ်စားလှယ်လောင်းများနှင့် အသီးသီး ယှဉ်ပြိုင် အရွေးချယ်ခံ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ပြည်သူလွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၃၁၁ ဦး ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၁၆၀ ဦး ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၆၀၆ ဦး နှင့် တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၂၉ ဦး စုစုပေါင်း ၁,၁၀၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယနေ့ နိုဝင်ဘာ ၁၁ ရက် နေ့လည်ပိုင်းထိ အတည်ပြုထုတ်ပြန်မှုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၁၀၀ ဦး ၊ အမျိုးသားလွှတ်တော်တွင် ၃၀ ဦး နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ် ၁၄၈ ဦး အနိုင်ရရှိထားကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများ၏ အနိုင်ရရှိမှု စာရင်းများအား ယနေ့ နိုဝင်ဘာ ၁၁ ရက် နေလည်ပိုင်းအချိန်အထိ ပြည်သူ့လွှတ်တော်တွင် ၂၄၆ ဦး ၊ အမျိုးသားလွှတ်တော်တွင် ၁၂၆ ဦးဖြင့် လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်လောင်း ၃၇၂ ဦး အနိုင်ရရှိထားကြောင်း ထုတ်ပြန်ဖော်ပြထားပြီး အဆိုပါ ဖော်ပြချက်သည် ကိုယ်စားလှယ်လောင်းများထံမှ ရရှိသည့် အချက်အလက်များသာ ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှ အတည်ပြုထုတ်ပြန်မည် ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း အနိုင်ရရှိမှု အရေအတွက်မှာ အစိုးရဖွဲ့နိုင်သည့် အရေအတွက်အား ကျော်လွန်ရရှိနေပြီ ဖြစ်ကြောင်း NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က နိုဝင်ဘာ ၁၀ ရက်တွင် ဆင်ဟွာသို့ အတည်ပြုပြောကြားထားသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး ၊ နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ကြခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.