Connect with us

Politics, Law & Military

ပြည်ထောင်စုအစိုးရအဖွဲ့ရခိုင်ပြည်နယ်ခရီးစဉ်အပြီးသတင်းစာရှင်းပွဲပြုလုပ်


နေပြည်တော်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အစိုးရ ကိုယ်စားလှယ်အဖွဲ့၏ ရခိုင်ပြည်နယ်ဖြစ်စဉ် အပေါ် သုံးသပ်ချက်များ အနက် အဓိက အချက်များတွင် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြား ခြံစည်းရိုး ခိုင်ခံ့ပြီး လုံခြုံမှု ရှိစေရန် ဘဏ္ဍာငွေ သုံးစွဲ ဆောင်ရွက်ဖို့လိုအပ်သည် ဟူသည့် အချက်လည်း ပါဝင်ကြောင်း ထိုအဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ် သော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့ညနေ သတင်းစာ ရှင်းလင်း ပွဲ၌ ပြောခဲ့သည်။

“ရေတို ရေရှည်တွင် ဒေသခံ ပြည်သူ့လူထု လုံခြုံမှုအပြည့်အ၀ ရှိပြီး အေးချမ်းစွာ နေထိုင် လုပ်ကိုင် စား သောက် နိုင်ရန် အစီအမံများ ဆောင်ရွက်သင့်ကြောင်းနှင့် နတ်မြစ်ဝမှာ ရှိသည့် ဒုက္ခသည် စခန်းများတွင် လူဝင် လူထွက် ကို စစ်ဆေး ကြပ်မတ် ဆောင်ရွက်ဖို့လိုအပ်ကြောင်းကိုလည်းု နေပြည်တော်၊ ပြန်ကြားရေး ဝန်ကြီးရုံးတွင် ယနေ့ညနေပိုင်း ပြုလုပ်ခဲ့သည့် “ရခိုင်ပြည်နယ် သို့ သွားရောက်ခဲ့ သည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ဦးသိန်းဆွေတို့ ခေါင်းဆောင် သော အစိုးရ ကိုယ်စားလှယ် အဖွဲ့၏ အောက်တိုဘာ ၁၁ ရက် နေ့မှ ၁၄ ရက်နေ့အထိ ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ”၌ ပြန်ကြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ခရီးစဉ်နှင့်ပတ်သက်သည့်သတင်းစာရှင်းပွဲကျင်းပနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားရာတွင်“အခုပြဿနာဟာ အချိန်ကြာမြင့်စွာဖြစ်ပေါ်ခဲ့တဲ့ အကြောင်းတရားများကို အခြေပြုပြီး ပေါ်ပေါက်သည်ဟု သုံးသပ်ရပါတယ်၊ လတ်တလောအရေးယူ ဆောင်ရွက်ဖို့က ဆုံးရှုံးသွားတဲ့ လက်နက် ခဲယမ်းတွေ အမြန်ဆုံး ပြန်လည်ရရှိရေးနဲ့ အကြမ်းဖက် သောင်းကျန်းသူများ အမြစ် ပြတ်ချေမှုန်းရေး၊ ၎င်းတို့နှင့် အဆက်အသွယ် ရှိသူများ ကို အမြန်ဆုံးဖော်ထုတ်ရေး စ တာတွေ လိုအပ်ပါတယ်၊ ဒီလို ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံရဲ့ တည်ဆဲ ဥပဒေများ၊ နိုင်ငံတကာဥပဒေများနှင့်အညီ ဆောင်ရွက် ခြင်းဖြင့်သာ ရေတိုရေရှည် အကျိုးဖြစ် ထွန်းနိုင်မယ် လို့လည်း သုံးသပ်ပါတယ်၊ အခုဖြစ်စဉ် အပေါ်ဆောင်ရွက်သည့် နေရာတွင် ပြဿနာဖြစ်သည့် ကျေးရွာများ၌ တရားဥပဒေ စိုးမိုးရေး ပြည့်ဝစွာရှိရန်နှင့် အုပ်ချုပ်ရေး ယန္တရားများ ပုံမှန်လည်ပတ်နိုင်ရေးတို့ အတွက် တစ်ပါ တည်း ဆောင်ရွက်သင့်သလို ရေတိုရေရှည်မှာ ဒေသခံ ပြည်သူလူထု လုံခြုံမှု အပြည့်အဝရှိပြီး အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက် နိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက် သင့်တယ်လို့လည်း သုံးသပ်ပါတယ်” ဟု ရှင်းပြခဲ့သည်။

အစိုးရ ကိုယ်စားလှယ်အဖွဲ့ သည်ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းအစ္စလာမ်ဘာသာဝင် အသိုက်အဝန်းများ၊ အခြား လူထု အဖွဲ့အစည်းများ၊ ရဟန်း သံဃာများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။“အစ္စလာမ် ဘာသာဝင် အသိုက်အဝန်းက ဒီအကြမ်းဖက် လုပ်ရပ်ကို လက်မခံကြောင်း၊ ရှုတ်ချကြောင်း ပြောပါတယ်၊ ဆရာတော် သံဃာတော်တွေကတော့ ဒီလို ဖြစ်ရပ်မျိုး နောက်ထပ် မပေါ်ပေါက်စေလိုကြောင်းနဲ့ ရခိုင် တိုင်းရင်း ရွာတွေ ဆက်လက်ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးဖို့တောင်းဆိုကြပါတယ်၊ တိုင်းရင်းသား ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ လုံခြုံမှုကောင်း မွန်စေရေးအတွက် စီမံဆောင်ရွက်ပေးဖို့ လိုအပ်တာ ကိုလည်း သုံးသပ်မိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီအားလုံးကလည်း၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့ ဖြစ်စဉ်အပေါ်တွင် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ကြမည်ဟု ပြောကြားကြ သည်ကိုတွေ့ရသည့် အတွက် ယခုဖြစ်စဉ်အပေါ် အပြုသဘောဆောင်သည့် သဘောထားရှိလာသည်ဟု မိမိတို့ သုံးသပ် မိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ လူမှုကွန်ယက်အဖွဲ့အစည်းများ၏ ကိုယ်စားပြု ကော်မတီ သည်လည်း ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှု၊ ဖွံံ့ဖြိုး တိုးတက်မှု အတွက် အပြုသဘော ဆောင် သည့် သဘောထားများ တင်ပြလာသည့် အတွက် ၎င်းတို့၏ အကြံဉာဏ်များကိုလည်း မိမိတို့ စဉ်းစား သုံးသပ် သင့်ပါကြောင်း အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အထူး အစည်းအဝေး၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆွေးနွေး ညှိနှိုင်းကြပြီး ရခိုင်ပြည်နယ် အတွက် ရေတို ရေရှည် လုပ်ငန်းများ ချမှတ်ခဲ့ကြသည်ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။

အဆိုပါ သတင်းစာရှင်းပွဲသို့နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ တက်ရောက်ဖြေကြားခဲ့ကြပြီး ပြည်တွင်း ပြည်ပ မီဒီယာ ၃၀ ကျော်မှ သတင်းသမား ငါးဆယ်ခန့့်တို့တက်ရောက် သတင်းယူခဲ့ကြသည်။ (Xinhua)