Politics, Law & Military
ပြည်သူက ခန့်အပ်သည့် အစိုးရဖြစ်၍ ပြည်သူကို အစီရင်ခံဖို့လိုဟု ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးပြော
နေပြည်တော်၊ မေ ၂၃ ရက် (ဆင်ဟွာ)
လက်ရှိအစိုးရသည် ပြည်သူက ခန့်အပ်လိုက်သည့် ပြည်သူ့အစိုးရ ဖြစ်သောကြောင့် အစိုးရ အနေဖြင့် ဝန်ကြီးဌာနများတွင် ပြောရေးဆိုခွင့် ရှိသူများ ထားရှိပြီး မိမိတို့ဆောင်ရွက်ထားမှုများကို ပြည်သူ့ထံ ပွင့်လင်း မြင်သာစွာ အစီရင်ခံဖို့လိုအပ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ယနေ့ပြောကြားသည်။
“ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူက ခိုင်းစေဖို့ ခန့်အပ်ထားတဲ့ အတွက် ဒါကြောင့်မို့လို့ ပြည်သူကို အလေးအနက်ပြုဖို့ ပြည်သူနဲ့ ထိတွေ့ ဆက်ဆံဖို့ လိုပါတယ်။ တိုင်းပြည်အတွက် ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို အစီရင်ခံဖို့ လိုပါတယ်။ အစီရင်ခံဖို့တင် မဟုတ်ပါဘူး၊ ပြည်သူဘက်က မေးမြန်းလာတွေကိုလဲ ပြန်လည် ဖြေကြားဖို့လိုပါတယ်” ဟု ယနေ့နေ့လယ် ၁၂း၃၀ နာရီတွင် နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် “ဝန်ကြီးဌာန အလိုက် ပြောရေးဆိုခွင့် ရှိသူများ ပထမအကြိမ် ညှှိနှိုင်း အစည်းအဝေး”တွင် ပြောခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးဌာန အလိုက် ပြောရေးဆိုခွင့် ရှိသူများ ပထမအကြိမ် ညှှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)
အစိုးရအဖွဲ့အနေဖြင့် ပြည်သူသို့အစီရင်ခံရာတွင် နည်းလမ်းများစွာ ရှိသည်မှာ မှန်သော်လည်း သတင်း မီဒီယာများမှ တစ်ဆင့် အစီရင်ခံခြင်းမှာ အမြန်ဆုံး ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
“ပြည်သူတွေကို ဘယ်လို ဖြေကြားမလဲလို့ စဉ်းစားကြည့်ရင် မီဒီယာတွေသည် အစိုးရနဲ့ ပြည်သူတွေကြား ဆက်သွယ် ပေါင်းကူး ပေးနိုင်တဲ့ အင်မတန် တန်ဖိုးရှိတဲ့ ကြားခံ တစ်ခု ဖြစ်တယ်။ ယန္တယား တစ်ခုဖြစ်တယ်။ Medium ဖြစ်တယ်။ မီဒီယာကနေ တစ်ဆင့် ပြည်သူကို အစီရင်ခံလို့ ရပါတယ်။ ပြည်သူတွေဘက်က ပြောဆိုချက်တွေကိုလည်း မီဒီယာကနေ တစ်ဆင့် နားထောင်လို့ ရပါတယ်။ အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အနေနဲ့ ပြည်သူနဲ့ ဆက်ဆံဖို့ အခြား နည်းလမ်းတွေလည်း ရှိတာမှန်ပါတယ်။ ပြည်သူနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံတာ ရှိပါတယ်။ ပြီးတဲ့နောက် ပြည်သူက မေးမြန်းတာတွေကို လွှတ်တော်ကနေ တစ်ဆင့် မေးမြန်းတာတွေကို ဖြေကြားရတာတွေလည်း ရှိပါတယ်။ ဒါတွေက ပြည်သူနဲ့ ဆက်ဆံတဲ့ တခြားနည်းလမ်းတွေပါ။ သို့သော် မီဒီယာများကတော့ ပြည်သူနဲ့ ဆက်သွယ်တဲ့နေရာမှ အင်မတန်မှ မြန်ဆန်တဲ့ ယန္တရား ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ထို့ပြင် ၎င်းက မီဒီယာသည် အစိုးရအတွက် အရေးကြီးသကဲ့သို့တစ်ဖက်၌ မီဒီယာသမားများက ဒီမိုကရေစီ နိုင်ငံတွင် မရှိမဖြစ်သော စတုထ္တ မဏ္ဍိုင် ဖြစ်ပြီး အုပ်ချုပ်ရေး အပိုင်းဟု ခေါ်သည့် ယခုအစိုးရ အဖွဲ့အပါအဝင် မဏ္ဍိုင် သုံးရပ်ကို ထောက်ပြဖို့ တာဝန် ရှိသည်ဟုလည်း ခံယူထားကြောင်း ဖြည့်စွက် ပြောခဲ့သည်။
“အဲလိုခံယူထားတဲ့ အတွက် သူတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ဖို့ သူတို့ဟာ အမြဲတမ်း အဆင်သင့် ရှိတတ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာရော နိုင်ငံတကာမှာရော မီဒီယာတွေသည် အင်မတန်မှ ထက်သန် ထက်ကြွမှု ရှိပါတယ်။ မီဒီယာတွေသည် အစိုးရပိုင်းရဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အများပြည်သူကြားမှာ ဘာတွေ ပြောဆို ဝေဖန်နေသလဲ ဆိုတာတွေ ဒါတွေကို နားထောင်ပြီး ဖော်ပြပါတယ်။ နားထောင်ပြီး ဖော်ပြရုံတင်မကဘူး ပြည်သူတွေ ကြားသိချင်တဲ့ အကြောင်းအရာတွေကို၊ ကြားသိချင်ပြီးတော့ မသိရတဲ့အကြောင်းအရာတွေကို သူတို့က ပိုပြီးတော့ သေချာ တိကျအောင် ပြည့်စုံအောင် သက်ဆိုင်ရာ ဌာနတွေနဲ့ ဆက်သွယ် မေးမြန်းပြီး ပြည်သူကို အသိပေး ပြောဆိုတဲ့ အလုပ်ကို မီဒီယာက ဆောင်ရွက်နေကြသလို အစိုးရပိုင်းကလည်း ဆောင်ရွက်နေတာတွေကို ပြည်သူကို အသိပေးဖို့လိုတယ်။ အစိုးရနဲ့ မီဒီယာသည် မိတ်ဖက် အဖွဲ့အစည်းဖြစ်ပါတယ်” ဟု မီဒီယာ လောကတွင် စာရေးဆရာ၊ အယ်ဒီတာ ဘဝဖြင့် နှံ့စပ် ကျွမ်းကျင်စွာ ကျင်လည် အသက်မွေးခဲ့သော ဒေါက်တာ ဖေမြင့်က မီဒီယာ၏ သဘော သဘာဝတို့ကို ရင်းနှီးမှု မရှိသေးသည့် ထိုအစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူ အချို့အား ရှင်းလင်း ပြောကြားခဲ့သည်။
“ သတင်းမီဒီယာတွေက အစိုးရဌာန အသီးသီးက အဆင့်ဆင့်သော နေရာတွေမှာ မေးမြန်း လာတာတွေကို ဖြေကြားဖို့ Spokesperson တွေ မရှိမဖြစ် လိုပါတယ်။ ဒါကိုပဲ ပြောရေး ဆိုခွင့် ရှိသူတွေလို့ သုံးပါတယ်။ အဲဒီ Spokesperson ထားရှိဖို့ လိုပါတယ်။ ထားရှိတဲ့ အကျုးိကျေးဇူးတွေက အစိုးရဌာန တွေသည် ပွင့်လင်းမြင်သာမှု ရှိတယ်လို့ အသိအမှတ်ပြု ခံရမယ်။ သန့်ရှင်းသော အစိုးရ ကောင်းမွန်းသော အစိုးရဖြစ်ရေးမှာ ပွင့်လင်းမြင်သာမှု ရှိရေးက စပါတယ်။ ပွင့်လင်းမြင်သာမှု မရှိရင် ပြင်ပက ကြားရတဲ့ ကောလဟာလတွေကို အခြေခံပြီး သုံးသပ်ရေးသား ပြောဆိုမှုတွေ ရှိလာနိုင်တယ်။ အစိုးရအပေါ် အထင်အမြင်လွဲမှားမှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် အရေအချင်း ပြည့်ဝတဲ့ Spokesperson ကောင်းတွေရှိရင် သက်ဆိုင်ရာဌာနတွေနဲ့ Image တွေလည်း တက်လာနိုင်ပါတယ်” ဟူ၍လည်း ဝန်ကြီးက ပြောကြားခဲ့သည်။
ထိုတွေ့ဆုံပွဲသို့မီဒီယာ ကျွမ်းကျင်သူ အဖြစ် တက်ရောက်လာသည့် ရန်ကုန် သတင်းစာ ပညာကျောင်း (Yangon Journalism School) ၏ ညွန်ကြားရေးမှူး ဦးရဲနိုင်မိုးက “ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာလည်း ပြောရေး ဆိုခွင့် ရှိသူတွေကို လေ့ကျင့်ပေးဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး၊ လက်တွေ့မှာ မဆောင်ရွက် နိုင်ခဲ့ဘူး။ အခုဟာကတော့ ပြည်သူ့ အစိုးရ တက်လာတယ်၊ ပြည်သူတွေ့ရဲ့ မျှော်လင့်ချက်လည်း ပိုတက်လာတယ်။ ဒါကြောင့် မီဒီယာရဲ့ မေးခွန်းတွေကို တကယ်ဖြေလာဖို့ ကျနော်တို့ ဝင်ရောက် တိုက်တွန်းကြည့်တဲ့ သဘောပါ။ (၁) အချက်က ဝန်ကြီးဌာနတိုင်းမှာ Public Relation Guide-line တွေရှိရမယ်။ ဘယ်လောက် ပြောခွင့် ရှိတယ်ဆိုတာကိုလည်း သက်မှတ်ပေးဖို့နဲ့ တကယ်ပြောခွင့်လည်း ပေးဖို့လိုတယ်။ အဲဒီအတွက် Frame Work ကို ကြိုဆွဲထားသင့်တယ်၊ အချက်အလက်တွေ စုဆောင်းထားဖို့နဲ့ ပြင်ဆင်ထားဖို့လည်း လိုအပ်တယ်” အစည်းအဝေးမစမီ ဆင်ဟွာသို့ ပြောသည်။
၎င်းနှင့်အတူ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးသီဟစော၊ ဦးအောင်လှထွန်း တို့နှင့် မဇ္ဈိမ သတင်းမီဒီယာ အယ်ဒီတာချုပ် ဦးစိုးမြင့်တို့ကလည်း မီဒီယာ ကျွမ်းကျင်သူများ အဖြစ် အဆိုပါ အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံ ညှိနှိုင်းပွဲသို့နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ လွဲပြီး ကျန်ဝန်ကြီးဌာန ၂၁ ခုမှ တာဝန်ရှိသူများနှင့် ပြောရေးဆိုခွင့် ရှိသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)