Connect with us

Politics, Law & Military

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းမည်

မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မိုဟာမက် ရှာဟီဒူလ် ဟတ်ခ်တို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းသွားရန်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်းလုပ်ငန်းအဖွဲ့သည် နေပြည်တော်တွင် နိုဝင်ဘာ ၂၃ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်ကို အခြေခံ၍ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရယူရေးအတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ လိုအပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပူးတွဲလုပ်ငန်းအဖွဲ့သည် ပြန်လည်လက်ခံရေးအစီအစဉ်တွင် ပါရှိသည့် လိုက်နာဆောင်ရွက်ရမည့် အထွေထွေမူဘောင်များ၊ မူဝါဒရေးရာအစီအမံများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မိုဟာမက် ရှာဟီဒူလ် ဟတ်ခ် ခေါင်းဆောင်သည့် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့တို့သည် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်စိစစ် လက်ခံရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များ (Terms of Reference) အပေါ် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ယင်း သဘောတူညီချက်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အဗ္ဗူလ် ဟာဆန် မာမွတ်အလီ၏ ရှေ့မှောက်တွင် အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မိုဟာမက် ရှာဟီဒူလ် ဟတ်ခ် တို့မှ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.