Politics, Law & Military
မြန်မာနိုင်ငံမှ ဘင်းမ်စတက် ကွန်ဗင်ရှင်း သို့အတည်ပြု ဝင်ရောက်ရန် ပြည်ထောင်စု လွှတ်တော်မှ သဘောတူ
နေပြည်တော် ၊ မေ ၁၃ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု ၊ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းများနှင့် မှုးယစ် ဆေးဝါး တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဘင်းမ်စတက် ကွန်ဗင်ရှင်း (BIMSTEC Convention) သို့မြန်မာနိုင်ငံမှ အတည်ပြု ဝင်ရောက်သွားမည် ဖြစ်ကြောင်း ယနေ့မေလ ၁၃ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ဘင်းမ်စတက် ကွန်ဗင်ရှင်း (BIMSTEC Convention) သို့မြန်မာနိုင်ငံမှ အတည်ပြု ဝင်ရောက်နိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၅ ဦးက အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပြည်ထဲရေး ဝန်ကြီးဌာန ၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြန်လည် ရှင်းလင်း တင်ပြမှုများ ပြုလုပ်ခဲ့ပြီး လွှတ်တော်၏ ဆန္ဒရယူ၍ သဘောတူကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ်များမှ ထောက်ခံ ဆွေးနွေးရာတွင် စစ်ကိုင်း တိုင်းဒေသကြီး ၊ မဲဆန္ဒနယ် အမှတ် (၃) မှ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ကွန်ဗင်ရှင်း စာချုပ် အသက်ဝင်ရန် အဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံလုံး အတည်ပြု ဝင်ရောက်ရန် အရေးကြီးကြောင်း ၊ မြန်မာနိုင်ငံကို အင်အားကြီး နိုင်ငံ တစ်နိုင်ငံ အဖြစ် တည်ဆောက်ရန် ၊ ကမ္ဘာ့ရေးရာများတွင် ဦးဆောင်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်စေရမည်ဟု မျှော်မှန်း ထားသည် နှင့် အညီ ကွန်ဗင်ရှင်းသို့အတည်ပြု ဝင်ရောက်ရန် ကျန်နေသေးသည့် ဘူတန် နိုင်ငံ ၊ နီပေါ နိုင်ငံ တို့နှင့် စေ့စပ် ညှိနှိုင်းပြီး ယင်းနိုင်ငံများ ဤစာချုပ်သို့အမြန်ဆုံး အတည်ပြု ဝင်ရောက်နိုင်ရေး သံတမန်ရေး ကြိုးပမ်းမှု တစ်ရပ် ဆောင်ရွက်သင့်ကြောင်း အကြံပြု ဆွေးနွေးခဲ့သည်။
ပြည်ထဲရေး ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံတကာ နှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမို မြှင့်တတ်နိုင် သကဲ့သို့နိုင်ငံတော်၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းမှုကို ပိုမို ဖော်ဆောင်နိုင်မည် ဖြစ်သည့် အတွက် ဘင်းမ်စတက် ကွန်ဗင်ရှင်းကို အတည်ပြု လက်မှတ် ရေးထိုးခြင်းသည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား ဖော်ဆောင်နိုင်မှု အတွက် သာမက ဒေသတွင်း နိုင်ငံများ ၊ ကမ္ဘာ့နိုင်ငံများ အားလုံး၏ တည်ငြိမ် လုံခြုံ အေးချမ်းရေးကို အထောက်အကူ ဖြစ်စေမည့် လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဘင်းမ်စတက် ကွန်ဗင်ရှင်း (BIMSTEC Convention) ကို အဖွဲ့ဝင် ၇ နိုင်ငံ အနက် ယနေ့အထိ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ ထိုင်းနှင့် သီရိလင်္ကာ နိုင်ငံများသာ အတည်ပြု ဝင်ရောက်ခဲ့ပြီး နီပေါ ၊ ဘူတန် နိုင်ငံများ အတည်ပြု ဝင်ရောက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။ (Xinhua)