Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသား မပါသင့်ကြောင်း အဆို လွှတ်တော်၌ မဲဖြင့် ရှုံးနိမ့်

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ပေါက်တော မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြည်သူ့လွှတ်တော်သို့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၀ ရက် တွင် တင်သွင်းခဲ့သည့် “ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေး ပြသနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာ ရောက်စေသဖြင့် အဆိုပါ ကော်မရှင်ကို ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင် ဖွဲ့စည်းသင့်ပါကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆို” ကို ယနေ့ ပြည်သူ့လွှတ်တော်၌ ဆွေးနွေး မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ အရေးကြီး အဆိုကို တပ်မတော်သား ကိုယ်စားလှယ်လေးဦး၊ ပြည်ခိုင်ဖြိုး ပါတီဝင် ငါးဦး၊ ရခိုင်ပါတီ (ANP) ဝင် လေးဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ကြရာ တပ်မတော်သား ကိုယ်စားလှယ်များက “ ပြည်တွင်းရေး ပြဿနာတွင် နိုင်ငံခြားသားများ ပါဝင် ပတ်သက်မှုကြောင့် မလိုလားအပ်သည့် ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်ကြောင်း၊ ကော်မရှင်ဖွဲ့ခြင်းကို ပြည်ထောင်စု လွှတ်တော်သို့တင်ပြကာ လွှတ်တော်၏ အတည်ပြုချက် ရယူပြီးမှ ဆောင်ရွက်သင့်ကြောင်း၊ ယခင် အစိုးရ လက်ထက်တွင် တိုင်းရင်းသား မဟုတ်သူတို့ကို လွှတ်တော်အတွင်းသို့ရောက်စေခဲ့သည့် အတွက် သမိုင်းတွင် အမည်းစက် ထင်ခဲ့ကြောင်း၊ ယခု အစိုးရကိုလည်း ထိုသို့သမိုင်း တရားခံ မဖြစ်စေလိုသောကြောင့် ယခု အရေးကြီး အဆိုကို ထောက်ခံရခြင်း ဖြစ်ကြောင်း” တင်ပြ ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များနှင့် ရခိုင်ပါတီ (ANP) ဝင် ကိုယ်စားလှယ်များက “ပြည်တွင်း၌ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်း ရှိနေပြီး တတ်သိ ပညာရှင် များစွာ လည်း ရှိနေပါလျက် နိုင်ငံခြားသားများ ပါဝင် ဖွဲ့စည်းခြင်းမှာ မိမိတို့ညံ့ဖျင်းရာ ကျနေကြောင်း၊ ပြည်တွင်းရေးကို ပြည်ပ ပြဿနာ အဖြစ် ပုံကြီး မချဲ့သင့်ကြောင်း၊ ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာက မပါဝင်သည့် အမျိုးသားရေး အဖြစ် ခံယူပြီး ပြည်တွင်းမှ ပညာရှင်များဖြင့်သာ ဆောင်ရွက်သင့်ကြောင်း” စသည့် အချက်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။
ထို့နောက် NLD ပါတီဝင် ကိုယ်စားလှယ် ၂၁ ဦးတို့က အဆိုကို ကန့်ကွက် ဆွေးနွေးခဲ့ကြရာ “ပြည်ပမှ နိုင်ငံခြားသားများ ရခိုင်ပြည်နယ်ထဲ ဝင်ရောက် နေထိုင်နေခြင်းကို ပြည်တွင်းရေး အဖြစ် သတ်မှတ်၍ မရနိုင်ကြောင်း၊ ထိုအရေးကို ပြည်တွင်း ပညာရှင်များဖြင့် သာ ဖြေရှင်းပါက ဘက်လိုက်မှု ကင်းရှင်းပါသည်ဟု နိုင်ငံတကာက လက်ခံမည် မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာက အသိအမှတ်ပြုသည့် ၊ လေးစားသည့်၊ နိုင်ငံတကာတွင် ဂုဏ်သတင်း ကျော်ဇောသည့် နိုင်ငံခြားသားများ ပါဝင်စေခြင်းသည် မှန်ကန် သင့်လျော်ကြောင်း” စသည့် အချက်များကို တင်ပြပြီး ထို အရေးကြီး အဆိုကို ကန့်ကွက်ခဲ့ကြသည်။
ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောထားကို လွှတ်တော်သို့တင်ပြရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက “ ဒါဟာ အဆိုရှင် ပြောသလို မိမိနိုင်ငံရဲ့ ပြဿနာကို နိုင်ငံတကာ ပြဿနာ အဖြစ် ဖန်တီးတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးထားတဲ့ ကိစ္စတစ်ရပ်ကို နိုင်ငံတကာနဲ့ မြန်မာနိုင်ငံမှ ထင်ပေါ် ကျော်ကြားတဲ့ ရိုသေလေးစားတဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ အကြံပေး ကော်မရှင် ဖွဲ့စည်း ခြင်းဟာ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ စီစဉ်ဆောင်ရွက်မှုပဲ ဖြစ်တဲ့ အတွက် ဒီအဆိုကို အတည်မပြုသင့်ပါဘူး” ဟု လွှတ်တော်တွင် ရှင်းပြခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထိုအရေးကြီး အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးတို့က ဆွေးနွေးခဲ့ကြအပြီး ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်က ပြန်လည် ဆွေးနွေး ရှင်းလင်းကာ ပြည်သူ့လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၄၈ မဲ၊ ကန့်ကွက်မဲ ၂၅၀ မဲ၊ ကြားနေ တစ်မဲ ရရှိသဖြင့် ကန့်ကွက်မဲ အရေအတွက်က ပိုများသောကြောင့် ထိုအဆိုကို လွှတ်တော်က အတည် မပြုကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117