Politics, Law & Military
သတ်မှတ်စည်းကမ်းများနှင့် မညီသော မော်တော်ယာဉ်အရောင်းပြခန်းများ လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူရန် ဆွေးနွေး
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
သတ်မှတ်စည်းကမ်းများနှင့် မညီသော မော်တော်ယာဉ်အရောင်းပြခန်းများ လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူရန် ဆွေးနွေး မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ၏ (၅/၂၀၁၇) ကြိမ်မြောက် အစည်းအဝေး၌ ဆွေးနွေးကြကြောင်း သိရသည်။
မော်တော်ယာဉ် အရောင်းပြခန်းများ၊ အရောင်းစင်တာများ၏ ယာဉ်တင်သွင်းထားမှု အခြေ အနေအရ မော်တော်ယာဉ် တင်သွင်းမှုနှင့် သက်ဆိုင်သော လုပ်ငန်းအား ကြီးကြပ်ရေး ကော်မတီ သတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ် စည်းကမ်းနှင့် ညီညွှတ်မှုမရှိသည့် အရောင်းစင်တာ များအား လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူရန် ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ၂၀၁၈ ခုနှစ် မော်တော်ယာဉ် တင်သွင်းခြင်း အတွက် မော်ဒယ်သတ်မှတ်ချက်အား မော်တော်ယာဉ်ကြီးကြပ်ရေး ကော်မတီမှ လုပ်ထုံးလုပ်နည်းနှင့် အညီစီစစ်တင်ပြခဲ့ပြီး မော်တော်ယာဉ် ကြီးကြပ်မှု ကော်မတီအနေနှင့် နိုင်ငံတော် ၏အတည်ပြု ချက်အရ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့ ကြောင်း၊ မော်တော်ယာဉ် တင်သွင်းရာတွင် နိုင်ငံတော်၏ စီးပွားရေးအခြေအနေ၊ ကုန်သွယ်မှု အခြေအနေ၊ အခြေခံ အဆောက် အဦ လိုအပ်ချက်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတကာ စံနှုန်းနှင့် အညီဖြစ်စေရေး၊ နိုင်ငံသားများအလုပ် အကိုင်အခွင့်အလမ်းများနှင့် နည်းပညာ ရရှိစေရေး စသည့် အချက်များအပေါ်အခြေခံ၍ ဘက်စုံသုံးသပ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ လမ်းစနစ်အရ လက်ယာကပ် မောင်းဖြစ်သည့် အတွက် လမ်းစနစ်နှင့် ကိုက်ညီပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ် ကြီးကြပ်ရေးကော်မတီမှ ၂၀၁၈ ခုနှစ်တွင် စတင် ဆောင်ရွက်ရန် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောကြားသည်။
မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ၏ (၅/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။(Xinhua)