Connect with us

Politics, Law & Military

၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁,၁၁၇ နေရာအတွက် တစ်သီးပုဂ္ဂလ ၂၆၀ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော် နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် အားလုံး၏ လွှတ်တော်ကိုယ်စားလှယ် နေရာ စုစုပေါင်း ၁,၁၁၇ ခု အတွက် တစ်သီးပုဂ္ဂလ ၂၆၀ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဆင်ဟွာသို့ ယနေ့ နေ့လယ်ပိုင်းတွင် ဖြေကြားခဲ့သည်။

“မဲဆန္ဒနယ်တွေ လျော့သွားတာကြောင့် ပြည်သူ့လွှတ်တော်မှာ ၃၁၅ နေရာ၊ အမျိုးသား လွှတ်တော်မှာ ၁၆၁ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်မှာ ၆၁၂ နေရာနဲ့ တိုင်းရင်းသား လူမျိုး လွှတ်တော်နေရာမှာ၂၉ နေရာ၊ စုစုပေါင်း အမတ်နေရာ ၁,၁၁၇ နေရာပဲ ကျန်ရှိပါတယ်၊ အဲဒီနေရာ တွေအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးရေက ပြည်သူ့ လွှတ်တော်မှာ ၁,၅၆၅ ဦး၊ အမျိုးသား လွှတ်တော်မှာ ၇၇၉ ဦး၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၃,၁၁၂ ဦးနဲ့ တိုင်းရင်းသား လူမျိုးစု လွှတ်တော်အမတ်နေရာအတွက် ၁၈၃ ဦး၊ စုစုပေါင်း ၅,၆၃၉ ဦးဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦးအနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း၂၆၀ ဦး ပါဝင်ရာ ပြည်သူ့ လွှတ်တော်တွင် ၆၈ ဦး၊ အမျိုးသားလွှတ်တော်တွင် ၂၇ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်တွင် ၁၃၂ ဦး နှင့် တိုင်းရင်းသား လူမျိုးစု လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၃၃ ဦးတို့ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။

ထို့အပြင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီများအနေဖြင့် မူလက ၉၁ ခု ရှိသော်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များတွင် ပါဝင်သော တိုင်းရင်းသား လေးပါတီ ထပ်လျော့သဖြင့် ၈၇ ပါတီသာ ကျန်ရှိကြောင်း၊ ထပ်လျော့သည့် ပါတီများမှာ မြိုတိုင်းရင်းသားပါတီ၊ မြို အမျိုးသား ဒီမိုကရေစီပါတီ၊ ခမီး အမျိုးသား ပါတီနှင့် ဒိုင်းနက် ပါတီတို့ဖြစ်ကြကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ လေ့လာသူ ဦးရေမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၌ လျှောက်ထားကြသည့် ပြည်တွင်း အဖွဲ့ ၁၃ ဖွဲ့မှ ၇,၂၃၂ ဦး၊ နယ် ကော်မရှင် အဖွဲ့ခွဲရုံးများ၌ လျှောက်ထားကြသည့် ပြည်တွင်း အဖွဲ့ ၂၃ ဖွဲ့မှ ၉၈၅ ဦး၊ စုစုပေါင်း ၈၂၁၇ ဦး၊ ပြည်ပမှ လျှောက်ထားသူများတွင် နိုင်ငံတကာ သံရုံး ၃၀ ရုံးမှ ၃၇၈ ဦး၊ ANFREL ၊ EU ၊ ကာတာ နိုင်ငံတို့မှ ၁၆၀ ဦး၊ UEC နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော အဖွဲ့ ခြောက်ဖွဲ့မှ ၁၀၃ ဦး၊ စုစုပေါင်း ပြည်တွင်း ပြည်ပမှ လေ့လာသူ ၈,၈၅၈ ဦး ရှိကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.