Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံစဉ် (ဓာတ်ပုံ--နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံသမ္မတရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် နိုင်ငံရေးပါတီများအား ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် စနစ်တကျ ဆောင်ရွက်စေလိုပါကြောင်း၊ မဲစာရင်းများ တိကျမှန်ကန်စွာ ပြုစုရေးသည် အရေးကြီး ပါကြောင်း၊ ထို့ပြင် မဲဆန္ဒရှင်နိုင်ငံသားများသည် ၎င်းတို့ မည်သည့်မဲရုံတွင် မဲပေးရမည်ကို လွယ်ကူစွာ သိရှိစေရမည် ဖြစ်ပါကြောင်း၊ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်အရ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ကြီးကြပ်ရန် လိုအပ်ပါကြောင်း၊ ကော်မရှင်ရုံးချုပ်တွင် တစ်နိုင်ငံလုံးမှ နိုင်ငံရေး ပါတီများကို ခေါ်ယူတွေ့ဆုံ၍ ထိတွေ့ ဆက်ဆံပြီး ပါတီများ၏အသံများကိုလည်း နားထောင်သင့်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများအား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကို ကျေကျေညက်ညက် သိရှိ နားလည်စေရန်အတွက် သင်တန်းများပေးရန် လိုအပ်ပါကြောင်း၊ မဲဆန္ဒရှင်များက ယုံကြည်အားကိုးသည့် ကော်မရှင်အဖွဲ့ခွဲများဖြစ်ရန် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက် ထားစေလိုပါကြောင်း၊ အဓိကအားဖြင့် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဟူသော ဒီမိုကရေစီမူအရ ရွေးကောက်ပွဲများအား ပြည်သူလူထု၏ ဆန္ဒနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ချောမောအောင်မြင်စေရန် ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများ ဆောင်ရွက်နေမှုနှင့် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ကော်မရှင်အဖွဲ့ခွဲများအား သင်တန်းများပို့ချနေမှု၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်နှင့် ဦးသန်းဌေးတို့ တက်ရောက်ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.