Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း စက်သုံးဆီ အရောင်းဆိုင်များ လိုအပ်နေဆဲ ဟု ဆို
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်ရ စက်သုံးဆီအရောင်းဆိုင်များ ထပ်မံ လိုအပ်လျက် ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် မော်တော်ယာဉ်များအား နီးစပ်သည့် နေရာများတွင် စက်သုံးဆီ အလွယ်တကူ ဖြည့်တင်းနိုင်ရေး ရည်မှန်းပြီး ခွင့်ပြုသင့်သည့် မြေပေါ်တွင် စက်သုံးဆီ အရောင်းဆိုင်အသစ် တည်ဆောက်ဖွင့်လှစ်ခွင့် ပြုရန် တင်ပြလာပါက လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ သယံဇတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက် များနှင့်အညီ လိုက်နာ ဆောင်ရွက်မည်ဆိုပါက စိစစ် ခွင့်ပြုပေးလျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင် အရေအတွက်မှာ စည်ပင် သာယာ နယ်နိမိတ်အတွင်း၌ ၁၃၉ ဆိုင်၊ စည်ပင်သာယာ နယ်နိမိတ် ပြင်ပ၌ ၄၉ ဆိုင်၊ စုစုပေါင်း ၁၈၈ ဆိုင် လက်ရှိ ရှိနေပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသော ယာဉ်ကြီး ယာဉ်ငယ် စုစုပေါင်း စာရင်းမှာ ၇၈,၅၀၀၀ ရှိပြီး ရန်ကုန်တိုင်းအတွင်း အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ မှတ်ပုံတင်ထားသော မော်တော်ယာဉ်များကလည်း ရန်ကုန်တိုင်းအတွင်းသို့ ဝင်ထွက် သွားလာလျက် ရှိပါတယ်၊ သို့ဖြစ်ပါ၍ လက်ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်လျှင် ပျမ်းမျှ ယာဉ် စီးရေ ၄,၂၀၀ ခန့်ကို ဆီဖြန့်ဖြူးပေးနေရသည့် အခြေအနေ ဖြစ်ပါတယ်။ လက်ရှိ ဖွင့်လှစ်ထားတဲ့ အရောင်းဆိုင် အရေအတွက်နှင့် အဆိုပါ ယာဉ်စီးရေ အချိုးတို့အရ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချရန် လုပ်ဆောင်ရသည့် ဝန်နှင့်အား မျှတစေရန် လည်းကောင်း၊ မော်တော်ယာဉ်များက အချိန်ကုန် သက်သာစွာ စက်သုံးဆီ ဝယ်ယူ ဖြည့်တင်းနိုင်ရေးအတွက် လက်ရှိ စက်သုံးဆီ အရောင်းဆိုင် အရေ အတွက်မှာ ပိုလျှံခြင်း မရှိသေးဘဲ ထပ်မံ လိုအပ်လျက် ရှိပါတယ်”ဟု ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးးစိုးသိန်း၏ “ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း စက်သုံးဆီ အရောင်းဆိုင် မည်မျှ ရှိပြီး လိုအပ်သည့် အရေအတွက်ထက် ပိုလျှံခြင်း ရှိ မရှိ၊ အကယ်၍ လိုအပ်သည်ဟု ယူဆပါက မည်သည့် မူဝါဒများ ချမှတ်၍ ပွင့်လင်းမြင်သာစွာ ခွင့်ပြုပေးနေသည်နှင့် လူနေ ထူထပ်သည့် မြို့ရွာ ရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများ၏ မီးဘေး ငလျင်ဘေး စသည့် ဘေးအန္တရာယ်များ ကျရောက်ပါက မထိခိုက်စေရန် စီစဉ်ထားခြင်း ရှိ မရှိ သိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်းအား ဒုတိယ ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)