Connect with us

Business

ရန်ကုန်မြို့၌ 92 စက်သုံးဆီ တစ်လီတာလျှင် ၂၁၄၅ ကျပ်မှ ၁၇၂၅ ကျပ်အထိ ၂၅ ရက်အတွင်း ၄၂၀ ကျပ် ကျဆင်းလာ

တိုင်းဒေသကြီး၊ပြည်နယ်များရှိ စက်သုံးဆီ ရည်ညွှန်းလက်လီဈေးနှုန်းဇယားအား ဇူလိုင် ၁၅ ရက် ကတွေ့ရစဉ် (ဓာတ်ပုံ- စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌ ဇွန် ၂၁ ရက်က 92 စက်သုံးဆီ ဈေးနှုန်းမှာ တစ်လီတာလျှင် ၂၁၄၅ ကျပ်ရှိရာမှ ယနေ့ ဇူလိုင် ၁၅ ရက်တွင် ၁၇၂၅ ကျပ် ရှိပြီး တစ်လီတာလျှင် ၄၂၀ ကျပ် ကျဆင်းခဲ့ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဇူလိုင် ၁၅ ရက်တွင်ပြောသည်။

“ကျွန်တော်တို့ ကော်မတီအနေနဲ့ကတော့ ပြည်သူတွေက စက်သုံးဆီကို ဈေးနှုန်းတည်တည်ငြိမ်ငြိမ်နဲ့ လိုချင်သလောက်ရအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဈေးနှုန်းအတက်အကျကတော့ MOPS ဈေးနှုန်းတွေအပေါ် အခြေခံပြီးတွက်ချက်ထားတာပါ။ ပြည်သူများအနေနဲ့ စက်သုံးဆီထည့်တဲ့အချိန် ကျေနပ်မှု တစ်စုံတစ်ရာမရှိပါက ကျွန်တော်တို့ကော်မတီကိုအကြောင်းကြားနိုင်ပါတယ်’’ ဟု၎င်းတာဝန်ရှိသူကဆက်ပြောသည်။

ဇူလိုင် ၁၄ ရက်တွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ ထုတ်ပြန်သည့် ဈေး နှုန်းများအရ 92တစ်လီတာလျှင် ၁၇၈၅ ကျပ်၊ 95 တစ်လီတာလျှင် ၁၈၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၂၀၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၆၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နောက်ပိုင်းတွင် စက်သုံးဆီဈေးနှုန်းများ တအိအိဖြင့် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ရေနံဈေးနှုန်းလည်း ကျဆင်းလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဈေးကွက်အတွင်းအရောင်းအဝယ်သင်တန်းအား သင်ကြားပေးနေသည့် Business Consultant မစန္ဒာလင်းလင်းက “ပြည်တွင်းမှာ စက်သုံးဆီဈေးတွေကျဆင်းနေရတာ ကမ္ဘာ့ရေနံဈေးနှုန်းတွေကျဆင်းတာကြောင့်ပါ။ ကမ္ဘာမှာက ရေနံစိမ်းတစ်စည်ကို ၁၀၃ဒေါ်လာကနေပြီး ဒီနေ့ဆိုရင် ၉၈ ဒေါ်လာဝန်းကျင်လောက် ဈေးနှုန်းကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာလည်းရေနံဈေးက အလှုပ်အခတ်ကြမ်းနေတော့ ဈေးနှုန်းအတက်အကျကတော့ ခန့်မှန်းရခက်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၅ ရက်တွင်ပြောသည်။

ဇူလိုင် ၁၅ ရက်တွင် ရန်ကုန်မြို့စက်သုံးဆီရည်ညွှန်းဈေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာလျှင် ၁၇၂၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာလျှင် ၁၇၉၀ကျပ် ၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၁၃၀ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၁၉၀ ရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)