Connect with us

Politics, Law & Military

ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး ကိုအထူးအလေးထား ဆောင်ရွက်နေဟု နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြောကြား

ချင်းပြည်နယ်သို့ ရောက်ရှိလာသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေစဉ်(အတိုင်ပင်ခံရုံးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးကို အထူးအလေးထား ဆောင်ရွက်နေကြောင်း ချင်းပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ချင်းပြည်နယ်မှာဆိုရင်တောင်တန်းတွေ၊ အတက်အဆင်းတွေကအလွန်များပါ တယ်။လမ်းပန်းဆက်သွယ်ရေးကနည်းပါးပါတယ်။ဒါကြောင့်ချင်းပြည်နယ်ရဲ့လမ်းပန်းဆက်သွယ်ရေးကိုအထူးအလေးထားပြီးလုပ်နေပါတယ်။ဒါပေမယ့်ကျွန်မတို့နိုင်ငံကကျယ်ပြန့်တဲ့ အတွက် တစ်နိုင်ငံလုံးကိုမျှမျှတတဖြစ်အောင်လုပ်ရပါတယ်။အဲဒါကိုကျွန်မတို့တိုင်းရင်းသားတွေအားလုံးကနားလည်မှုပေးစေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖေဖော်ဝါရီ ၁၉ ရက်တွင် ချင်းပြည်နယ် တွန်းဇံမြို့ရှိ ချင်းရွှေပြည်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ်အထက်ပါအတိုင်း ပြောကြားခဲ့သည်။ချင်းပြည်နယ်သည် မိုးတွင်းကာလ၌ သွားရေးလာရေး ခက်ခဲသကဲ့သို့ ဧရာဝတီတိုင်းဒေသကြီးလိုနေရာမှာလ ည်းသွားရေးလာရေးအင်မတန်မှခက်ခဲကြောင်း ၊ အဆိုပါနေရာများအား ဖြေရှင်းပေးရန် ကြိုးစားနေကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၏ အကျိုးဆက်များသည် ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး အခက်အခဲများဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

“ကျန်းမာရေးအရဆိုရင်ရွာတိုင်းရွာတိုင်းမှာဆေးခန်းတွေဖွင့်ပေးဖို့ဆိုတာကျွန်မတို့အခုအချိန်မှာတတ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ရွာတိုင်းရွာတိုင်းမှာဆေးခန်းမရှိဘူးဆိုရင်၊လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးဆိုရင်ဆေးခန်းတစ်ခုရှိတဲ့နေရာကိုရောက်ဖို့အင်မတန်မှခက်ခဲပါတယ်။ခက်ခဲတဲ့အခါအရေးပေါ်ကုသဖို့လိုရင်မလုပ်နိုင်ပါဘူး။ဒီအတိုင်းပါပဲ။ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာလည်းဒီလိုဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ကလေးများ ကျောင်းသွား/ကျောင်းလာ အလွန်ခက်ခဲ့ပြီး ရွာတိုင်းရွာတိုင်းတွင် အစိုးရအနေဖြင့် ကျောင်းများဆောက်ပေးနိုင်သည့်အနေအထား မရှိကြောင်း ဒေါ်အောင်းဆန်စုကြည်က ဆိုသည်။“ဧရာဝတီတိုင်းဒေသကြီးမှာလည်းဒီအတိုင်းပါပဲ။လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အချိန်မှာဆိုရင်တစ်ချို့ရွာတွေက ကလေးတွေဆိုရင် ကျောင်းကိုသွားချင်ရင်လှေတွေ နဲ့ရေလမ်းခရီးကနေကျောင်းလိုက်ပို့ရပါတယ် ။ဒါပေမယ့်ဒါကတတ်နိုင်တဲ့သူရှိတယ်။မတတ်နိုင်တဲ့သူရှိတယ်။မတတ်နိုင်တဲ့သူတွေကျတော့တစ်ချို့ရွာတွေမှာဆိုရင်မိုးတွင်းတစ်ရာသီလုံးမှာကလေးတွေကကျောင်းမသွားဖြစ်တဲ့အခြေအနေရောက်သွားကြတယ်” ဟု ၎င်းက ပြောသည်။(Xinhua)