Politics, Law & Military
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ငွေကျပ် သိန်း ၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် သိန်း ၃၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူူူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မတ်လ ၁၀ ရက်နေ့ ၂၀း၀၀နာရီတွင် ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြည်သူ့အားကစားကွင်း လမ်းကြားတွင် မသင်္ကာဖွယ်တွေ့ရှိသူ ညောင်ပင်ရပ်ကွက်နေ မယွန်းသန္တာထွန်း ၂၀ နှစ်အား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာတွင် ၎င်းကိုင်ထားသည့် လက်ဆွဲခြင်းအတွင်းမှ ပလတ်စတစ်ကပ်ခွာ အိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)