Politics, Law & Military
ငွေကျပ်သန်းပေါင်း ၆၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်/ခဲယမ်းများဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ကျဆီးကျေးရွာ တွင် ငွေကျပ်သန်းပေါင်း ၆၄,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်/ခဲယမ်းများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ကျဆီးကျေးရွာရှိ ကျခီး(ဘ)ဦးကျထီး၊ ကျဟယ်(ဘ)ဦးကျဖ၊ ကျဟဲ(ဘ)ဦးကျကွီးနှင့် နာအူ(ဘ)ဦးကျမူးရှီးတို့၏ နေအိမ်များအား
သြဂုတ် ၈ ရက်မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ သွားရောက်ရှာဖွေစစ်ဆေးရာ ၎င်းတို့၏နေအိမ်များမှ ဘိန်းဖြူဘလောက်တုံး ၂၆ တုံး(၉.၁ ကီလိုခန့်)၊ ဘိန်းစိမ်း ၁. ၅ ကီလိုခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ သန်းကျော်၊ ကတ်တမင်း ၁ ကီလိုခန့်၊ အိုက်စ် ၂၀၂.၅ ကီလိုခန့်၊ အက်တက်စီဆေးပြား ခြောက်သိန်းကျော်၊ ကဖင်း ၂၃၀ ကီလိုခန့်(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်သန်းပေါင်း
၆၄,၀၀၀ ကျော်)၊ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် မိုလ် ၇၀ ချောင်းနှင့် ၉၉၉ တံဆိပ်ပါ မိုလ် နှစ်ချောင်း၊ ပွိုင့် ၂၂ သေနတ် နှစ်လက်၊တစ်လုံးထိုးသေနတ်တစ်လက်နှင့်
၎င်းကျည် ၆၀ တောင့်၊ ထိုင်းဘတ်ငွေ ၁၈ သိန်း၊ တရုတ်ယွမ်ငွေ ၁၀,၀၀၀၊ရွှေထည်ပစ္စည်းမျိုးစုံ ၈၂ . ၈၃ ကျပ်သားခန့်၊ Revo၊ Fortuner ၊ Hilux Vigo နှင့် Nissan အမျိုးအစား မော်တော်ယာဉ်ငါးစီး
တို့ကို ၎င်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါမူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ လေးဦးအား တာချီလိတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)