Connect with us

Politics, Law & Military

အသက် ၃၀ ပြည့် မှတ်ပုံတင် ပြောင်းလဲရာတွင် လွယ်ကူရေး ဖြေလျှော့ပေးမည်ဟု ဆို

နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် ပတ်သက်ပြီး မင်းဘူး မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း မေးမြန်းနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

အသက် ၃၀ ပြည့် မှတ်ပုံတင်များ လဲလှယ်ရာတွင် စာရွက်စာတမ်းများ၊ အထောက်အထားများ ပူးတွဲ ပြသရသည့် အဆင့်များကို ဖြေလျှော့ ပေးသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြောခဲ့သည်။

“အသက် ၃၀ ပြည့် မှတ်ပုံတင်များ လဲလှယ်ရာမှာ ကိုယ်တိုင် လာရောက်လဲလှယ်မယ်၊ မှတ်ပုံတင်မှာ ရှိတဲ့ အထောက်အထားတွေကို သေချာစွာ စစ်ဆေးနိုင်မယ်၊ မှန်ကန်တယ်လို့ ယူဆနိုင်မယ်ဆိုရင် တခြားအထောက်အထား မလိုဘဲနဲ့ဆောင်ရွက်ပေးနိုင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မင်းဘူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၏ “နိုင်ငံသား စိစစ်ရေး ကတ်ပြား နှင့် အိမ်ထောင်စု လူဦးရေစာရင်း ( ပုံစံ ၆၆/ ၆)များကို ဥပဒေနှင့်အညီ အဆင်ပြေ ချောမွေ့စွာ ရရှိနိုင်ရေး ပိုမိုကြပ်မတ်၍ အလေးထား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ” ဟူသော အမေးကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် ပတ်သက်ပြီး လ ၀ က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ဖြေကြားနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီးက “မှတ်ပုံတင်ထဲမှာ ရှိတဲ့ ပုံစံက ပျက်ယွင်းနေမယ်၊ မှတ်ပုံထဲက အထောက် အထား ကလည်း အစစ်အမှန် ဖြစ်ကြောင်း သံသယ ရှိမယ်ဆိုရင်တော့ အထောက်အထားများ လိုမှာပါ၊ အဓိက အားနည်းချက်ကတော့ ကျွန်တော်တို့ရဲ့ မှတ်ပုံတင်ဟာ စက္ကူကတ်ပြားများ ဖြစ်တဲ့ အတွက် အတုပြုလုပ်ဖို့ အရမ်း လွယ်ကူပါတယ်၊ ဒိအတွက်လည်း နောင်မှာ EID ဒေါ်တဲ့ Digital ID လုပ်ဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်၊ လတ်တလောမှာတော့ ဝန်ထမ်းများကို ဥပဒေ စည်းမျဉ်း စည်းကမ်းများနဲ့အညီ ဆောင်ရွက်ဖို့၊ သတ်မှတ်ထားတဲ့ ဝင်ကြေးထက် ပိုမို မကောက်ခံဖို့၊ လိုအပ်တဲ့ အထောက်အထားတွေကိုလည်း အကြောင်းပြပြီးတော့ ကြန့်ကြာအောင် မလုပ်ဖို့အကြိမ်ကြိမ် အခါခါညွှန်ကြားပြီးသား ဖြစ်ပါတယ်၊ တိုင်ကြားမှုများ ရှိလာရင်လည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာပါ” ဟုလည်း ဖြည့်စွက် ပြောခဲ့သည်။

ထိုသို့ဖြေကြားမှုနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က “မှတ်ပုံတင်ကိစ္စဟာ မြို့နယ်အနှံ့မှာ တော်တော်များများ ပြသနာ ရှိပါတယ်၊ ဒါကြောင့်မို့လို့ ဝန်ကြီးဌာနအနေနဲ့ ဥပဒေ စည်းမျဉ်း စည်းကမ်း ညွှန်ကြားချက်နဲ့ အောက်ခြေမှာ လုပ်ဆောင်ချက်နဲ့ တစ်ထပ်တည်းဖြစ်အောင် တော့ ကြိုးစားပေးစေလိုပါတယ်” ဟု တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.