Politics, Law & Military
ငွေကျပ်သိန်း ၂၉,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၏အရှေ့ဘက် ၃၁ မိုင်ခန့်အကွာ၊ သံလွင်မြစ်ကူးတံတား(တာဆန်း)ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ငွေကျပ်သိန်း ၂၉,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့၏အရှေ့ဘက် ၃၁ မိုင်ခန့်အကွာရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ပူးပေါင်းစစ်ဆေးရေး
ဂိတ်၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့က မော်တော်ယာဉ်
များအား ရှာဖွေစစ်ဆေးစဉ် ဇူလိုင် ၂၄ ရက်မွန်းလွဲ ၁ နာရီခွဲခန့်တွင် မိုင်းတုံမြို့ဘက်မှမိုင်းပန်မြို့ဘက်သို့ အိုက်စိုင်းကျော်(ဘ)ဦးအိုက်စံပူး မောင်းနှင်၍ နန်းစံဟွမ်း(ဘ)ဦးစိုင်းပီးလိုက်ပါလာသည့် MARK-X အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 9H/ —– တပ်ဆင်ထားသည့် လိုင်စင်မဲ့မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာယာဉ်မောင်း အိုက်စိုင်းကျော်မှာ သံလွင်မြစ်ကူးတံတား(တာဆန်း) ပေါ်မှ ခုန်ချထွက်
ပြေးသွားခဲ့ကြောင်း၊ထို့နောက် ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်အားစစ်ဆေးရာ မော်တော်ယာဉ်နောက်ဖုံးအတွင်းမှ ဘိန်းဖြူဘလောက်တုံး ၂၉၈ တုံး၊အလေးချိန် ၁၀၄ ဒသမ ၃ ကီလို(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၂၀၄ သိန်းခန့်)ကိုသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ နန်းစံဟွမ်းအား စစ်ဆေးမေးမြန်းချက်များအရ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူကျေးရွာ၊၎င်း၏နေအိမ်နှင့် ပုံပါကျင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ထွက်ပြေးသွားသည့် အိုက်စိုင်းကျော်၏ နေအိမ်တို့အား ပူးပေါင်းအဖွဲ့ကသက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာနန်းစံဟွမ်း၏ နေအိမ်မှ ပွိုင့်-၂၂ သေနတ်တစ်လက်၊ ၎င်းကျည် ၁၃ တောင့်နှင့်စနိုက်ပါမှန်ပြောင်းတစ်လက်၊ အိုက်စိုင်းကျော်၏နေအိမ်မှ ခြံစောင့် အိုက်မိုင်း(ဘ)ဦးလုံးပန်းနှင့်အတူ ပွိုင့်-၂၂ သေနတ်
တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည်၁၁ တောင့်၊ အမ်-၁၆ သေနတ်တစ်လက်၊၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည် ၁၃ တောင့်၊ပြောင်းချောတစ်လုံးထိုးသေနတ်တစ်လက်နှင့် ၎င်းကျည် ၂၁ တောင့်တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ၊လက်နက်ခဲယမ်းများနှင့် ဆက်စပ်သူများ အားဖမ်းဆီးရမိနိုင်ရေးနှင့် ဖမ်းဆီးရမိသူများအား အရေးယူနိုင်ရေးအတွက် မိုင်းပန်မြို့၊ နားကောင်းမူနှင့် ပုံပါကျင်ရဲစခန်းတို့၌ တရားဥပဒေအရ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)