Politics, Law & Military
စက်မှု ဝန်ကြီးဌာနမှ ရက်ပေါင်း (၁၀၀) အတွင်း ပြည်သူကို တိုက်ရိုက် အကျိုးပြုစေမည့် ကဏ္ဍ (၆) ရပ်ဖြင့် အကောင်အထည် ဖော်မည်
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)
စက်မှု ဝန်ကြီးဌာန အနေဖြင့် ရက်ပေါင်း (၁၀၀) အတွင်း ပြည်သူကို တိုက်ရိုက် အကျိုးပြု စေမည့် လုပ်ငန်းများ ဖြစ်သည့် ပြည်သူ့အကျိုးပြု စက်ရုံ အလုပ်ရုံများဖွင့်လှစ်ရေး၊ စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေး၊ စွမ်းအင် ချွေတာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စက်ရုံ စီမံကိန်း များတွင် ရှိသည့် အလုပ်ရုံများကို အပိုင်းလိုက် အပြီးသတ် ဆောင်ရွက်ရေး တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။
အဆိုပါ ရက်ပေါင်း ၁၀၀ တွင်း ပြည်တွင်း ဘိလပ်မြေ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မည့် ပုဂ္ဂလိကနှင့် အကျိုးတူ BOT စနစ်ဖြင့် ဆောင်ရွက်ထားသည့် တစ်နေ့တန် ၅,၀၀၀ ကျတိုးချဲ့ဘိလပ်မြေ စက်ရုံ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး ပြည်သူ အကျိုးပြု စက်ရုံအလုပ်ရုံတွေ ထွန်းကားလာစေရေး ဆောင်ရွက်သွားမည် ဖြစ်သည်။
ဒုတိယအနေဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေး အတွက် နည်းပညာ ပံ့ပိုး ဖြန့်ဝေမည့် အစီအစဉ်များ အသိပညာ ပူးပေါင်း ဖလှယ်သည့် အစီအစဉ်များကို ပြည်တွင်း ပြည်ပအဖွဲ့ အစည်းများ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။
တတိယ အနေဖြင့် စက်မှုသင်တန်းကျောင်း (၆) ကျောင်းမှ ကျေးရွာများတွင် အခြေခံလျှပ်စစ်နှင့် လုပ်ငန်းသုံး အင်ဂျင်ငယ် ပြုပြင် ထိန်းသိမ်းခြင်းများကို သင်ကြား ပေးမည့် အစီအစဉ် ဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် နည်းပြ အရည်အသွေး တိုးမြှင့်ရေး သင်တန်း၊ ဈေးကွက်သုတေသနနှင့် ဈေးကွက်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများ ကိုလည်း ဖွင့်လှစ်သွားမည် ဖြစ်သည်။
စတုတ္ထအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေး ဆောင်ရွက် သွားမည် ဖြစ်သည်။ အထူးသဖြင့် အမျိုးသမီးနှင့် လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိရေးကို ဦးတည် ဆောင်ရွက်သွားမည် ဖြစ်သည်။
ပဉ္စမ အနေဖြင့် စွမ်းအင် ချွေတာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်သွားမည် ဖြစ်သည်။ ၂၀၁၆ ခုနှစ် မေလ (၂) ရက်က (၆) ရက်နေ့အထိ လက်ခံ ကျင်းပပေးခဲ့ပြီး စွမ်းအင် ခြိုးခြံ ချွေတာရေး လုပ်ငန်းစဉ်ကို ဒေသတွင်းတွင် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
နောက်ဆုံး တစ်ခု အနေဖြင့် စက်မှု ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စက်ရုံ စီမံကိန်းများတွင် ရှိသည့် အလုပ်ရုံများကို အပိုင်းလိုက် အပြီးသတ်အောင် ဆောင်ရွက်မည်ဖြစ်သည်။
မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု အလုပ်ရုံကို တိုးချဲ့ တည်ဆောက်နိုင်ခဲ့ပြီး တစ်နှစ်ကို မြွေဆိပ်ဖြေဆေး အလုံးရေ ၈၀,၀၀၀ အထိ GMP စနစ်နှင့်အညီ တိုးချဲ့ ထုတ်လုပ်ပြီး ပြည်သူလူထု၏ ကျန်းမာရေး လိုအပ်ချက်ကို ဖြည့်တင်း သွားမည် ဖြစ်သည်။ (Xinhua)