Politics, Law & Military
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်သစ်ခွဲသား ၄၁.၅၅၄ဝ တန် ဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်သစ်ခွဲသား ၄၁.၅၅၄ဝ တန် ဖမ်းဆီးရမိခဲ့ပြီး ထိုဖမ်းဆီးရမှုသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာရေးနှစ်အတွင်း၌ တန်ချိန် အများဆုံး ဖမ်းဆီးရမိမှုဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
“ဖမ်းဆီးရမိတဲ့ တရားမဝင် ပိတောက်သစ်ခွဲသားတွေကို မြန်မာ့ သစ်လုပ်ငန်း အမှတ်(၇၅) သစ်စက် (မုံရွာ)ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပို့ဆောင်ထားပြီး တရားမဝင်သယ်ဆောင် သူကို ဖမ်းဆီးအရေးယူနိုင်ရေး အတွက် မြို့နယ်ရဲစခန်းမှာ အမှုဖွင့် ဆောင်ရွက်လျက်ရှိပါတယ်”ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင် မြို့နယ် သစ်ခဲ(အနောက်) ကျေးရွာအနီး ၌ ၁၂ ဘီး မော်တော်ယာဉ်နှင့်အတူ တရားမဝင် ပိတောက်သစ်ခွဲသားများအား ဖေဖော်ဝါရီ ၁ဝ ရက် နံနက်ပိုင်းတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဘုတလင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ တိုင်း ဒေသကြီး သစ်တောဦးစီးဌာန မြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများပူးပေါင်း၍ သစ်ခဲ(အနောက်) ကျေးရွာအနီးတွင် ပိတောက်သစ်ခွဲသား သစ်တုံးများအား ၁၂ ဘီးယာဉ်ဖြင့် တရားမဝင်သယ်ဆောင် ရန် ပြင်ဆင်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)