Politics, Law & Military
ဆားလင်းကြီးမြို့နယ်တွင် တရားမဝင် ပိတောက်ခွဲသား သစ် ၅ တန်ခန့် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ
ရန်ကုန်၊ ဇွန် ၅ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် မြေစွန်ကျေးရွာတွင် ဇွန် ၅ ရက်နေ့ နံနက် ၅ နာရီခွဲက သတင်းအရ တရားမဝင် ပိတောက်ခွဲသားသစ် ၅ တန်ခန့် တင်ဆောင်ရပ်တန့်ထားသော ယာဉ်တစ်စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးသိမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယင်းမာပင်ခရိုင် မှုခင်းနှိမ်နှင်းရေး အဖွဲ့ ၊ ဆားလင်းကြီးမြို့နယ် သစ်တောဦးစီး ဌာန ပူးပေါင်းအဖွဲ့သည် သတင်းအရ ပုသိမ်-မုံရွာကားလမ်း၊ အမှတ် ၁ ရပ်ကွက်၊ မြေစွန်ကျေးရွာမြောက်ဘက် ဘီးခွန်ဂိတ်အနီး မိုင်တိုင်အမှတ် ၄၃၄/၃ နှင့် ၄၃၄/၂ အကြားတွင် GMC ဟီးနိုးယာဉ်၊ အစိမ်းရောင် နံပါတ်မပါ၊ မိုးကာအပြာ အုပ်ထားသော ၆ ဘီးယာဉ်တစ်စီးအား ရပ်တန့်ထားသည်ကို ကြည့်ရှုစစ်ဆေးရာ ယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် အခြားလိုက်ပါ စီးနင်း လာသူ၊ စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိမှု မရှိဘဲ၊ တရားမဝင် သယ်ဆောင်လာသော ပိတောက်ခွဲသား သစ် ၅ တန်ခန့်နှင့်ယာဉ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော တရားမဝင် ပိတောက်ခွဲသား ၅ တန်ခန့်နှင့် ယာဉ်ကို ဆားလင်းကြီးမြို့နယ်သစ်တော ဦးစီးဌာနတွင် သိမ်းဆီးထားပြီး ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်ကို သစ်တော ဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်နိုင်ရေး ရှာဖွေစုံစမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)