Politics, Law & Military
တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီများအား တာဝန်ရှိသူများ သွားရောက်တွေ့ဆုံ
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာအုပ်စု၊ လေယာဉ်ကွင်းကျေးရွာတွင် လေယာဉ်ကွင်းကျေးရွာသို့ ရောက်ရှိလာသော တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်မည့် ဘင်္ဂါလီများအား မောင်တောခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့ သွားရောက်တွေ့ဆုံကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
မောင်တောခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့သည် စက်တင်ဘာ ၂၇ ရက် နေ့တွင် တိမ်းရှောင်ရန် ရောက်ရှိနေသူများအား သွားရောက်တွေ့ဆုံမေးမြန်းရာ စားဝတ် နေရေး အခက်အခဲရှိသဖြင့် ဆက်လက်နေထိုင်၍ မရသောကြောင့် သွားရောက်လိုခြင်း ဖြစ်ကြောင်း လုံခြုံရေး အခြေအနေအရ ကျေးရွာတွင် လုံခြုံမှုမရှိဟု ယူဆ၍ သွားရောက်လိုခြင်း ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများကထွက်ခွာရန် ဆက်သွယ်ပြောဆိုခြင်း များရှိကြောင်း၊ ဒေသခံ တိုင်းရင်းသားအချို့မှ ဖုန်းဖြင့်ခြိမ်းခြောက်ခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများမှ ဘင်္ဂါလီများလည်း တိမ်းရှောင်မှုများလည်း ရှိနေခြင်းတို့ကြောင့် ၎င်းတို့အုပ်စုသည် လူနည်းစုဖြစ်မည်ကို စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံရှိ ၎င်းတို့မျိုးနွယ်စုများထံ သွားရောက်လိုခြင်းဖြစ်ကြောင်း တိမ်းရှောင်ရန်ရောက်ရှိနေသူများက ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တိမ်းရှောင်ရန် ရောက်ရှိနေသူများကို စားဝတ်နေရေး အခက်အခဲ ရှိပါက ဆန်၊ ဆီ၊ ဆား၊ ပဲ (၄)မျိုးတို့ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် ပတ်သက်၍ လက်ရှိ နေရာမှ မူလနေရာသို့ ပြန်လိုလျှင် မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒေသခံတိုင်းရင်းသားများမှ ဖုန်းဖြင့် ခြိမ်းခြောက်မှု ရှိပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ခြိမ်းခြောက်မှုများပြား၍ လူနည်းစု ဖြစ်မည်ဟုယူဆပါက ပတ်ဝန်းကျင်ကျေးရွာများကို စုစုစည်းစည်း လုံခြုံအောင်စီမံဆောင်ရွက် ပေးမည် ဖြစ်ကြောင်းနှင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခြင်း/ မိမိနေရပ်သို့ ပြန်လိုခြင်းတို့အတွက် ပြန်လည် ဆက်သွယ်ပြောကြားရန် ခရိုင်အုပ်ချုပ်ရေးမှူးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန် ရောက်ရှိနေသူများသည် ဘူးသီးတောင်မြို့နယ်၊ ဒုအိုးသည်မ ကျေးရွာအုပ်စုနှင့် ပြိုင်းတောင်ကျေးရွာအုပ်စု၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာ၊ ငွေတောင်ကျေးရွာတို့မှ ဖြစ်ပြီး ဒေသအခြေအနေ မတည်ငြိမ်မှုအပေါ် ကြောက်ရွံ့၍ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန် ၎င်းနေရာသို့ ရောက်ရှိကြောင်း သိရှိရသည်။(Xinhua)