Politics, Law & Military
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ရိုက် ခံစားနေရသော မငြိမ်းချမ်းမှု၏ ဆိုးကျိုးများကို နိဋ္ဌိတံ အဆုံးသတ်ရန် လိုအပ်နေဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆို
နေပြည်တော်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ရိုက်ခံစားနေရသော မငြိမ်းချမ်းမှု၏ ဆိုးကျိုးများ၊ အသက်အိုးအိမ် ပေးဆပ်မှုများကို နိဋ္ဌိတံ အဆုံးသတ်ရန် လိုအပ်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်ကြီးကို အားလုံး၏ စုစည်းညီညွတ်မှု အစွမ်းအားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း အလေးအနက် ယုံကြည်ကြောင်း၊ တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးကို ရရှိရန် အရင်းခံသော စိတ်ဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သော တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး မူဝါဒအပေါ် ရပ်တည်ပြီး အဖွဲ့အစည်း မျိုးစုံနှင့် လက်တွဲ ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။
ဒီမိုကရေစီ နည်းလမ်းတကျ လုပ်ဆောင်နိုင်သည့် အခြေအနေတွင် လက်နက်စွဲ ကိုင်ပြီး မိမိလိုချင်တာကို တောင်းဆိုတာမျိုး၊ လက်နက်ကိုင် လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲ ကြီးမားစွာဖြင့် မိမိတို့၏ ဆန္ဒကိုသာ ဦးစားပေး ဆောင်ရွက်နေတာမျိုးသည် ဒီမိုကရေစီ၏ ဆန့်ကျင်ရာ ရောက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်း အတွင်း ထည့်သွင်း ပြောကြားသည်။
၂၁ ပင်လုံညီလာခံနှင့် ဆက်လက် ကျင်းပမည့် အစည်းအဝေးများတွင် NCA ကို အခြေခံမူ အဖြစ် ဆက်လက်ထားရှိ ဆွေးနွေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)