Connect with us

Politics, Law & Military

တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့အား မတရား အသင်းမှ လည်းကောင်း ၊ အကြမ်းဖက်သူများအဖြစ်မှ လည်းကောင်း အကျူံးမဝင်ကြောင်း ကြေညာချက် ထုတ်ပြန်

တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့အား မတရား အသင်းမှ လည်းကောင်း ၊ အကြမ်းဖက်သူများအဖြစ်မှ လည်းကောင်း အကျူံးမဝင်ကြောင်း ကြေညာချက် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို လက်မှတ်ထိုးမည့် အထဲတွင် ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့သည် မတရားအသင်းမှ လည်းကောင်း ၊ အကြမ်းဖက်သူများ အဖြစ်မှ လည်းကောင်း အကျူံးမဝင်ကြောင်း ယနေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

ယနေ့တွင် မတရားအသင်း နှင့် အကြမ်းဖက်သူများ အဖြစ် အကျူံးမဝင်ကြောင်း ကြေညာသည့် အဖွဲ့ ၅ ဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့ ဖြစ်သည်။

ယမန်နေ့က NCA ကို လက်မှတ် ထိုးမည့် အထဲတွင် ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ( ABSDF) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/SSAS) တို့ကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို လက်မှတ်ဖြင့် မတရားအသင်း အဖြစ်မှ ပယ်ဖျက် ပေးခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) မှ အထူးအကြံပေး ဦးလှမောင်ရွှေက “ မနေ့က ကြေညာတဲ့ ၃ ဖွဲ့က မတရားအသင်း အဖြစ် ကြေညာခဲ့တဲ့အတွက် မတရားအသင်းက ပယ်ဖျက်ခဲ့တာ ဖြစ်တယ်။ ဒီနေ့ ကြေညာတဲ့ ၅ ဖွဲ့က နဂိုကတည်းက မတရားအသင်းမှ လည်းကောင်း ၊ အကြမ်းဖက်သူများ အဖြစ်လည်းကောင်း ကြေညာခဲ့ခြင်း မရှိဘူး။ ဒါကြောင့် ဒီငါးဖွဲ့က အကျုံးမဝင်ဘူးဆိုတဲ့ စကားလုံးနဲ့ ကြေညာချက် ထုတ်ပြန်တာဖြစ်တယ်’’ ဟု ဆင်ဟွာကို ယနေ့ ပြောသည်။
အစိုးရမှ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် ချုပ်ဆိုနိုင်ရန် အတွက် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့အား ဖိတ်ကြားခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ဖြစ်သည့် NCA လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ သည် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/ KNLA-PC) ၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပအိုင်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/SSA-S) တို့ မှာ NCA စာချုပ် လက်မှတ်ထိုးရန် အတည်ပြု ပြန်ကြားခဲ့သည့်။
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ယခုလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ က လက်မှတ် ရေးထိုးမည် ဖြစ်သည်။ (Xinhua)