Connect with us

Politics, Law & Military

တောင်ကြီးမြို့၌ စိတ်ကစဉ့်ကလျားဖြစ်နေသော အမျိုးသားတစ်ဦးထံမှ လက်လုပ်မိုင်းဟု ယူဆရသော ကိရိယာနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

တောင်ကြီးမြို့၌ ဖမ်းဆီးရမိသော အမျိုးသားတစ်ဦးထံမှ လက်လုပ်မိုင်းဟု ယူဆရသော ကိရိယာနှင့် ဆက်စပ်ပစ္စည်းများအားတွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ကမ္ဘောဇလမ်းအတွင်း စိတ်ကစဉ့်ကလျားဖြစ်နေသော အမျိုးသားတစ်ဦးထံမှ လက်လုပ်မိုင်းဟု ယူဆရသည့် ကိရိယာများ နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

အမည်မသိ အမျိုးသားတစ်ဦးသည် အမည်မသိအရာများ ကိုင်ဆောင်ပြီး မသင်္ကာဖွယ်ရာ သွားလာနေကြောင်း တာဝန်သိပြည်သူတစ်ဦးက သတင်း ပေးပို့လာသဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လိုက်လံရှာဖွေရာ တောင်ကြီးမြို့၊ သစ်တောရပ်ကွက် နဂါးနှစ်ကောင်ဘုန်ကြီးကျောင်း အတက်လမ်း အမှိုက်ပုံအနီး၌ တွေ့ရှိသဖြင့် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း အမျိုးသားအား စစ်ဆေးရာတွင် အိမ်အမှတ်(၉၀)၊ ကုန်းသာကျောင်းလမ်း၊ မြို့မရပ်ကွက် တောင်ကြီးမြို့ နေသူဖြစ်ပြီး ၎င်းးနှင့်အတူ အရှည် ၄ ဒသမ ၅ လက်မ၊ အချင်း ၂ လက်မ၊ ဂက်စ်ဗူးခွံ ဖြင့်ပြုလုပ်ထားပြီး အရှည် ၃ လက်မခန့်ရှိ ဝါးရိုးတပ်ဆင်ထားသော လက်လုပ်မိုင်းဟုယူဆရသည့် ကိရိယာ ၁ ခု ၊ အရှည် ၅ လက်မ၊ အချင်း ၂ လက်မ၊ ဂတ်စ်ဗူးခွံဖြင့် ပြုလုပ်ထားပြီး အဝတွင် သစ်သား အပိုင်းများ ပိတ်ထားသည့် လက်လုပ်မိုင်းဟုယူဆရသော ကိရိယာ ၁ ခု၊ ဉာဏ်တော် ၁ လက်မခန့်ရှိ ဘုရားဦးခေါင်းတော်ပြတ် ၁ ဆူ နှင့် ခဲ၊ သံတိုသံစ များတွေ့ရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသားအား စပ်လျဉ်းပြီး ဆက်လက်စစ်ဆေးရာ ၎င်းမှာ လွန်ခဲ့သော ၂နှစ်ခန့်က မော်တော်ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ဦးခေါင်းထိခိုက်ထားသူဖြစ်ကြောင်း၊ ယခင်ကလည်း ၂ ကြိမ် စိတ်ကစဉ့်ကလျားဖြစ်ဖူးကြောင်း၊ ၎င်းမှာ ဆိုင်ကယ်တိမ်းမှောက်မှု မဖြစ်ပွားမီက မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းလုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း၊ သို့ဖြစ်၍ တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ပြီး ၎င်း၏စိတ်ကျန်းမာရေး အခြေအနေအား စစ်ဆေးစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားလာနိုင်သည့် သတင်းများအရ နိုင်ငံအဝန်း လုံခြုံရေးအထူး ဂရုပြုရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရများသို့ သတိပေးညွှွန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ရာ ပြည်သူများအနေဖြင့် လုံခြုံရေးသတိထားရှိကြပြီး မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်များ၊ လုပ်ဆောင်ချက်များ ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းစုဆောင်းမှုများ ၊ ပုံမှန်မဟုတ်သော လုပ်ဆောင်ချက် များ တွေ့ရှိပါက နီးစပ်ရာ အုပ်ချုပ်ရေး နှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံ အမြန်ဆုံးအကြောင်း ကြားပေးပါရန် သတင်းထုတ်ပြန်ရေးကော်မတီက အသိပေးထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.