Politics, Law & Military
ဒေါ်အောင်ဆန်းစုကြည်အနေ နှင့် ကုလညီလာခံ မတက်ရောက်ရသည့် အချက် ၄ ချက်ရှိ
ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေ နှင့် ကုလသမဂ္ဂအထွေထွေညီလာခံ ကို မတက်ရောက်ရသည့် အချက် ၄ ချက်ရှိကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်အစား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ယနေ့ ဆင်ဟွာကို အတည်ပြုပြောကြားသည်။
ဦးဇော်ဌေးက “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကုလညီလာခံကို မတက်ရောက်ဖြစ်ရတဲ့ အချက် ၄ ချက် ရှိပါတယ်။’’ ဟုပြောသည်။
ပထမအချက်မှာ ရခိုင်ပြည်နယ်မောင်တော တွင် ARSA အစွန်းရောက်အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ခဲ့ကြောင်း၊ ယင်းဒေသတွင် ရှိသည့် ဌာနေ တိုင်းရင်းသားများ အနေဖြင့်ထွက်ပြေးတိမ်း ရှောင်ရတာဖြစ်ခဲ့ကြောင်း ထိုထွက်ပြေးတိမ်းရှောင်နေရသည့် သူများကို လူသားချင်းစာနာ ထောက်ထားမှုပေးသလိုဘင်္ဂါလီများကိုလည်းလူသားချင်းစာနာထောက်ထားမှုပေးနေရကြောင်း ဆိုသည်။
ဒုတိယ အချက် မှာ ထိုသူများ လုံခြုံရေး၊ ဘေးကင်းရေးအတွက်လည်း လုပ်ဆောင်ပေးနေရကြောင်း၊ တချိန်တည်းမှာ ပင် ARSAအစွန်းရောက်အကြမ်းဖက်သမား တိုက်ဖျက်ရေးများကိုလည်း ဆောင်ရွက်နေရကြောင်း၊ ဆောင်ရွက်ဆဲ ဖြစ်နေသေးကြောင်း၊ ARSA အကြမ်းဖက် တိုက်ဖျက်မှုများ နှင့် ပတ်သက်ပြီးပြည်တွင်းတွင် ဆန္ဒ ပြမှုများလည်း ဖြစ်ပွားနေကြောင်း၊ ဆက်စပ်ပြီးလူအုပ်စုများ နှင့် တောင်တွင်းကြီးဖြစ်စဉ် ကဲ့သို့ ဘာသာရေး၊လူမျိုးရေး ဆိုင်ရာ ဖန်တီးသည့် အနေအထားလည်းရှိကြောင်း ၊ ထိုအရာများအားလည်း တည်ငြိမ်အောင် လုံခြုံရေးအရ ဆောင်ရွက်နေတာတွေ ရှိကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။
တတိယအချက်မှာ အကြမ်းဖက် တိုက်ဖျက်မှု လုပ်မယ်ဆိုသည့် သတင်းများအားလည်း ရထားတာရှိကြောင်း၊ ထို့ကြောင့် လုံခြုံရေးကို အလေးထားဆောင်ရွက်နေရတာရှိကြောင်း ဆိုသည်။
ဦးဇော်ဌေးက “ စတုတ္ထအချက်ကတော့ နိုင်ငံတော်သမ္မတဦးထင်ကျော်က ထိုင်းမှာ ဆေးကုသမှု ခံယူနေရတယ်။ ဆေးရုံမှာပဲ ရှိနေတယ်။ ပြည်တွင်းမှာ ဦးဆောင်ဦးရွက်ပြုပြီး အလေးထားဆောင်ရွက်ရမယ့် ကိစ္စတွေ ရှိနေတော့ အဲ့ဒါတွေကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် က မတက်ရောက်နိုင်တော့တာပါ။ သူ့အစား မြန်မာနိုင်ငံအခြေအနေ ရှင်းလင်းတင်ပြဖို့အတွက် ဒုသမ္မတဟင်နရီဗန်ထီးယူ တက်ရောက်မှာပါ။’’ ဟုပြောသည်။ (Xinhua)