Politics, Law & Military
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံးနေ့၌ ဆွေးနွေးထားသော ကဏ္ဍကြီး ၅ ခုကို ပြန်လည် သုံးသပ် တင်ပြမှု ပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတင် ကျင်းပသည့်ရက်မှ လေးရက် အတွင်း ဆွေးနွေးထားသော ကဏ္ဍကြီး ၅ ခုကို ယနေ့ ညီလာခံနောက်ဆုံးနေ့၌ ပြန်လည်သုံးသပ် တင်ပြမှု ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံးရက် ဖြစ်သော ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာ အစုအဖွဲ့များမှ ညီလာခံ ရှေ့ရက်များတွင် ဆွေးနွေးခဲ့ကြသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ စသည့် အကြောင်းအရာများအား ပြန်လည် သုံးသပ် တင်ပြခြင်း၊ ကိုယ်စားလှယ် ရွေးချယ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
“ညီလာခံ လေးရက်တာ ဆွေးနွေးမှုထဲမှာ တိုင်းရင်းသားတွေရော အားလုံးက ဖက်ဒရယ်ဆိုတဲ့ သဘောကို ဒီညီလာခံမှာ လက်ခံကြတယ်၊ အဲတော့ ဆွေးနွေးချက်တွေ အတွက် အဆင်ပြေမှုရှိတယ်”ဟု တိုင်းရင်းသား အစုအဖွဲ့မှ ပအိုဝ်း တိုင်းရင်းသား တစ်ဦးကဆိုသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အတွက် မည်သည့် အစိုးရ တက်တက် တပ်မတော် အနေဖြင့် ငြိမ်းချမ်းရေးကို အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားပြု အစုအဖွဲ့ကို ဦးဆောင် တက်ရောက်လာသော တပ်မတော် အရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ ညီလာခံ ငါးရက်တာတွင်း ဆွေးနွေးချက်များကို ယနေ့ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားပြီး ညီလာခံ ပိတ်ပွဲ ကျင်းပမည် ဖြစ်သည်။ (Xinhua)