Connect with us

Politics, Law & Military

လွှတ်တော် ကော်မတီများ စွမ်းရည် ပြည့်ဝမှ လွှတ်တော် အင်အားရှိမည်

ဒုတိယအကြိမ် လွှတ်တော် ကော်မတီများ၏ ခေါင်းဆောင်မှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည် မြှင့်တင်ရေး အစီအစဉ် ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

လွှတ်တော်များ၏ ရေးရာ ကော်မတီများ အားကောင်းပြီး စွမ်းဆောင်ရည် ပြည့်ဝမှသာ လွှတ်တော်များ အင်အား ရှိမည် ဖြစ်ကြောင်း ယနေ့နေ့လယ် ၁း၀၀ နာရီတွင် နေပြည်တော် လွှတ်တော်ဝင်းရှိ သဘင်ဆောင်၌ ပြုလုပ်ခဲ့သော “ဒုတိယအကြိမ် လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ နှင့် အဖွဲ့ဝင်များ အတွက် ခေါင်းဆောင်မှုနှင့် ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး” အစီအစဉ်သို့တက်ရောက်လာသူများကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောခဲ့သည်။

“လွှတ်တော်တွေ အားကောင်းမှ ဒီမိုကရေစီ ခိုင်မာ တောင့်တင်းလာမှာ ဖြစ်ပါတယ်။ လွှတ်တော်တွေ အားကောင်းဖို့အတွက် ကော်မတီတွေက ပံ့ပိုးပေးဖို့လိုပါတယ်။ ဒါကြောင့် ကော်မတီတွေ အားကောင်းပြီး စွမ်းဆောင်ရည် ပြည့်ဝဖို့အခုလို သင်တန်းတွေ ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် လွှတ်တော်က အခြေခံ အုတ်မြစ် ဖြစ်ပါကြောင်း၊ ဥပဒေပြုခြင်း၊ အခြားမဏ္ဍိုင်များကို စောင့်ကြည့် ထိန်းညှိခြင်းနှင့် မဲဆန္ဒရှင် ပြည်သူများအား ကိုယ်စားပြုခြင်း၊ မဲဆန္ဒရှင် ပြည်သူတို့၏ အကျိုးကို ဖော်ဆောင်ခြင်း ဟူသည့် လွှတ်တော်၏ အဓိက လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လွှတ်တော် ရေးရာ ကော်မတီများက စွမ်းဆောင်ရည် အပြည့်အဝဖြင့် ပံ့ပိုးဖို့လိုအပ်ကြောင်းနှင့် ယခုကဲ့သို့နိုင်ငံတကာ ပါလီမန်များ၏ လုပ်ငန်း အတွေ့အကြုံများ ပို့ချပေးသည့် သင်တန်းသည် လွှတ်တော် ကော်မတီများ အတွက် အခွင့်ကောင်းဖြစ်ပြီး ထို အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ကြကာ အခွင့်အခါ သင့်တုန်း တတ်အားသမျှ လေ့လာမေးမြန်း ကြိုးစား သင်ယူကြဖို့လည်း ဦးဝင်းမြင့်က တိုက်တွန်း ပြောကြားခဲ့သည်။
ထိုသင်တန်းတွင် အဖွင့် အမှာစကား ပြောခဲ့သည့် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း ကလည်း “လွှတ်တော်ရဲ့ လုပ်ငန်း သဘာဝအရ ကော်မတီ တစ်ရပ်ချင်းစီဟာ လွှတ်တော်ငယ် လေးတွေ ဖြစ်လို့လွှတ်တော် အသီးသီးမှ ကော်မတီများ ဟာ ပြည်သူ့ဆန္ဒဖော်ထုတ်ရာ ပြည်သူ ဗဟိုပြုဌာနများ ဖြစ်ပါတယ်။ ပြည်သူနဲ့ လွှတ်တော် အကြား အဓိက ပေါင်းကူးတံတားတွေလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကော်မတီတွေဟာ စွမ်းဆောင်ရည် ပြည့်ဝပြီး အားကောင်းနေဖို့လိုပါတယ်၊ ဒီသင်တန်းမှာ နိုင်ငံတကာ လွှတ်တော် ကော်မတီတွေရဲ့ လုပ်ငန်းတွေကို လွှတ်တော် ကိုယ်စားလှယ်တွေသာမက လွှတ်တော်ရုံး ဝန်ထမ်းတွေပါ လေ့လာခွင့် ရပါမယ်။ ဒါကြောင့် ဒီလို အခွင့်ကောင်းကြုံတုန်းမှာ အားထုတ်ကြစေလိုပါတယ်” ဟု တိုက်တွန်း ပြောကြားခဲ့သည်။

UNDP, IPU (International Parliament Unity) နှင့် အခြား ပံ့ပိုးကူညီကြသည့် NGOs များ ပူးပေါင်း စီစဉ်ပြီး ဇွန်လ ၆ ရက်မှ ၁၀ ရက်နေ့ အထိ ပြုလုပ်မည့် သင်တန်းသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့မှ ရေးရာ ကော်မတီဝင်များ အပြင် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်များမှ ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများပါ တက်ရောက်ကြမည် ဖြစ်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်၊ လွှတ်တော်ရေးရာ ကျွမ်းကျင်သူ ပညာရှင် ၂၂ ဦးတို့က တက်ရောက် သင်ကြားပို့ချကြမည်။ ထို့အပြင် ပထမ အကြိမ် လွှတ်တော်အတွက် ရွေးချယ်ခံခဲ့ရသော မြန်မာလွှတ်တော် ကိုယ်စားလှယ် အချို့တို့ ကလည်း ယခု ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား မိမိတို့၏ အတွေ့အကြုံများကို ပြန်လည် ပို့ချပေးကြမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရှင်းပြသည်။
အလားတူ သင်တန်းမျိုးကို ၂၀၁၆ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ နေပြည်တော် လွှတ်တော်ဝင်း သဘင်ဆောင်မှာပင် ပထမအကြိမ် အဖြစ် ပြုလုပ်ခဲ့ရာ ယခုသင်တန်းသည် ဒုတိယ အကြိမ် လွှတ်တော် လုပ်ငန်းများ စတင် အသက်ဝင်ပြီး ၁၂၅ ရက်အတွင်း ဒုတိယ အကြိမ်မြောက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ အထူးတလည် စိတ်ဝင်စားကြကြောင်း ပြောကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.