Connect with us

Politics, Law & Military

အမေရိကန်နိုင်ငံ အပါအဝင် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရေစီ မိတ်ဖက် အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ပီတာ ရော့စ်ကမ် ဦးဆောင်သည့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ် (ဓာတ်ပုံ- Myanmar President Office )

ရန်ကုန် ၊ မေ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အပါအဝင် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အမေရိကန် အောက်လွှတ်တော် ဒီမိုကရေစီ မိတ်ဖက် အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ပီတာ ရော့စ်ကမ် ဦးဆောင်သည့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့မေလ ၃၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အစိုးရ အဖွဲ့သစ်အပေါ် ပြည်သူလူထု သာမက နိုင်ငံတကာ အသိုက်အဝန်း ကပါ နားလည်စေရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ၊ လွှတ်တော်များနှင့် စဉ်ဆက်မပြတ် ထိတွေ့ ဆက်ဆံလျက် ရှိပြီး အမြင်မတူသည့် ကိစ္စရပ်များ ရှိခဲ့ပါက အပြုသဘောဆောင်၍ ဆက်လက် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အောက်လွှတ်တော် ဒီမိုကရေစီ မိတ်ဖက် အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ပီတာ ရော့စ်ကမ် ဦးဆောင်သည့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ် (ဓာတ်ပုံ-Ministry of Foreign Affairs Myanmar)
ထို့ပြင် အစိုးရအဖွဲ့ အနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရကြောင်း ပြည်သူများအတွက် ဆောလျင်စွာ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရက် ၁၀၀ အတွင်း ဆောင်ရွက်သွားမည့်အပြင် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိသည့် ကိစ္စများကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
အမေရိကန် အောက်လွှတ်တော် ဒီမိုကရေစီ မိတ်ဖက် အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ပီတာ ရော့စ်ကမ် က အစိုးရအဖွဲ့သစ် အနေဖြင့် ပြည်သူများ အကျိုးရှိမည့် ကိစ္စရပ်များကို ဆောင်ရွက် ရာ၌ အချိန်ယူ ဆောင်ရွက်ရမည်ကို ပြည်သူများ နားလည်သဘောပေါက်မည်ဟု ယုံကြည်ကြောင်း၊ လွတ်လပ်ခြင်း၊ တည်ငြိမ် အေးချမ်းခြင်းနှင့် လုံခြုံရေး တို့ကိုလည်း ချိန်ညှိ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြား ခဲ့သည့်အပြင် လွှတ်တော်နှင့် အစိုးရအဖွဲ့တို့အကြား ထိတွေ့ဆက်ဆံမှု၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များ၏ အခန်းကဏ္ဍတို့ အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနှင့် အမေရိကန် နိုင်ငံ လွှတ်တော် နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များ အား နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အောက်လွှတ်တော် ဒီမိုကရေစီ မိတ်ဖက် အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ပီတာ ရော့စ်ကမ် ဦးဆောင်သည့် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တို့ယနေ့ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို ပိုမို သိရှိနိုင်ရန် အမေရိကန် ကွန်ဂရက် အောက်လွှတ်တော်၏ ဒီမိုကရေစီ မိတ်ဖက်အဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မေလ ၂၉ ရက်မှ ဇွန်လ ၁ ရက်အထိ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.