Politics, Law & Military
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ဟု ဆို
နေပြည်တော်၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ပြည်တွင်း ပြည်ပမှ မဲပေးခွင့်ရှိ ၃၇ သန်း ၂ သိန်း (၃၇,၂၀၀,၀၀၀) ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းကျော်တို့က ဆန္ဒမဲပေးခဲ့ကြောင်းနှင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်း မြင်သာသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ၎င်းက “ဆန္ဒမဲပေးကြတာကို ကြည့်ပြီးပြောရရင် ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ စနစ်ဟာ အင်မတန်မှ ပွင့်လင်း မြင်သာမှု ရှိတယ်ဆိုတာ ပေါ်လွင်ပါ တယ်၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ စနစ်ဖြစ်လို့ ရွေးကောက် ပွဲ ပြီးတာနဲ့ ရလဒ်ကို သိပြီး ဖြစ် တယ်” ဟုလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲရလဒ်များကို ၁၀ ရက်ကြာ ထုတ်ပြန်ခဲ့ရသော်လည်း ယခု ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုမူ တစ်ပတ်အတွင်း ထုတ်ပြန်နိုင်အောင် ဆောင်ရွက်လျက်ရှိ ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများက ကိုယ်စားလှယ်တစ်ဦးချင်း ရရှိခဲ့သော ဆန္ဒမဲများ၏ ထုတ်ပြန်ချက်အပေါ် မူတည်ပြီး UEC က ထပ်ဆင့် ထုတ်ပြန်ရခြင်း ဖြစ်၍ ယခုကဲ့သို့ အချိန်ယူရခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်၏ သုံးဆယ် ရာခိုင်နှုန်းခန့်ကို ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးအတွက် ယှဉ်ပြိုင်ခဲ့ကြသည့် ကိုယ်စားလှယ်လောင်း အများစု ပါဝင်သည့် ပါတီကြီးများက ယခုရွေးကောက်ပွဲရလဒ်ကို ကြိုဆိုထောက်ခံသည်၊ လက်ခံ သည်ဟု ထုတ်ပြန် ကြေညာခဲ့ကြကြောင်း၊ အချို့ သော ပါတီကြီးများသည်လည်း ၎င်းတို့၏ ရွေးကောက် ပွဲ လုပ်ငန်းစဉ်များတွင် အဆင်မပြေသည်များ ရှိခဲ့သော်လည်း ရွေးကောက်ပွဲ၏ ရလဒ်ကို လက်ခံသည် ဟု ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ပါတီကြီးတစ်ခုက ဆိုလျှင် ၎င်း၏ပါတီ သက်တမ်း နုနယ် သေးချိန်၌ သူတို့ ပါတီဝင်အချို့ ရွေးကောက် တင်မြှောက်ခြင်းခံရသည်ကို ကျေနပ် ဝမ်းမြောက် ကြောင်း၊ မဲဆန္ဒရှင်များ၏ ဆန္ဒမဲများအပေါ် ယုံကြည် ထောက်ခံသည်ဟု ကြေညာချက်များ ထုတ်ပြန် ခဲ့ကြောင်း၊ မဲဆန္ဒရှင်များ၏ ဆန္ဒများကို အသိအမှတ်ပြုခြင်းမှာ ဒီမိုကရေစီပင် ဖြစ်ကြောင်း၊ ရွေးကောက် တင်မြှောက် ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအား ကြိုဆို ထောက်ခံကြသည့် နိုင်ငံရေး ပါတီများရှိနေသည်ကို ဝမ်းမြောက်စွာ တွေ့ရကြောင်း၊ ပါတီအချို့ကမူ ရွေးကောက်ပွဲ ရလဒ်အပေါ် အငြင်းပွားမှု၊ လက်မခံ နိုင်မှုများ ရှိနေကြောင်း၊ ဒီမိုကရေစီနည်းအရ ရှိနိုင်ကြောင်း၊ သို့ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မူလရည်မှန်းသည့်အတိုင်း ရွေးကောက်ပွဲကို စံ ငါးချက်နှင့်အညီ ကျင်းပခဲ့ ကြောင်း၊ ထိုသို့ ကျင်းပရာတွင် လွတ်လပ်ပြီး မျှတသော၊ ပွင့်လင်းမြင်သာမှု ရှိသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းလည်း ဦးမြင့်နိုင်က ရှင်းလင်းပြောကြားခဲ့သည်။
“မဲရေတွက်ရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ မဲရုံ ကိုယ်စားလှယ်တွေ ရှိတယ်၊ မဲဆန္ဒရှင် တွေထဲက အနည်းဆုံး ဆယ်ဦးက သက်သေ အဖြစ်နဲ့ ရှိနေတယ်၊ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့် သူတွေရှိနေတယ်၊ သူတို့ အားလုံးရဲ့ ရှေ့မှောက်မှာပဲ မဲရုံမှူးက မဲရေတွက်ပါတယ်၊ မဲရေတွက်ပုံတွေကို မီဒီယာတွေက live လွှင့်တာတွေလည်း မဲလက်မှတ် တစ်စောင်ချင်းစီအလိုက် ခိုင်လုံမဲ၊ ပယ်မဲတွေကို ဘာကြောင့် ဆိုတာ သတ်မှတ်ချက်တွေနဲ့ အညီ အားလုံးရှေ့မှာ ဆုံးဖြတ်ကြ၊ ဆောင်ရွက်ကြတယ်၊ မဲရေတွက် ရရှိလာတဲ့ ရလဒ်တွေကို ပုံစံ ၁၆ ရေးသွင်းပြီး မဲရုံမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း တွေရဲ့ မဲရုံ ကိုယ်စားလှယ်တွေ အားလုံး လက်မှတ်ရေးထိုးကြတယ်၊ ငါးစောင်ပြုစုပြီး မြို့ နယ်ကော်မရှင် အဖွဲ့ခွဲ၊ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲ၊ တစ်စောင်က မဲရုံမှူးဆီ သိမ်းထားတယ်၊ ကျန်တစ်စောင်က မဲရုံမှာ ကပ်ထားတယ်။ ညနေ ၄နာရီ မထိုးခင် ရောက်လာတဲ့ ကြိုတင်မဲတွေကို ညနေ ၄း၀၀ နာရီ ထိုးပြီးတဲ့ အများရှေ့မှာဖွင့်ရေပြီး ပုံစံ ၁၈ မှာ ဖြည့်တယ်၊ ပုံစံ ၁၆ ရယ် ပုံစံ ၁၈ ရယ်ပေါင်းပြီး ပုံစံ ၁၉ ကို ပြန်ရေး သွင်းတယ်၊ ဒီလုပ်ငန်းစဉ်တွေကို လွတ်လွတ်လပ်လပ်ကိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဆောင်ရွက်နိုင်ခဲ့တယ် ဆိုတာ မီဒီယာတွေ အားလုံး သိကြပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ယခု ရွေးကောက်ပွဲကြီး၌ COVID-19 ကပ်ရောဂါ ကာလကြုံကြိုက်နေသော်လည်း မထင်မှတ်လောက်အောင် ဆန္ဒမဲပေးကြသည့် ပြည်သူများ၊ မဲရုံတွင် တာဝန်ထမ်းဆောင်ကြသော ဆရာ ဆရာမများ၊ မဲရုံ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ လုံခြုံရေး ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ကြောင်းး၊ မဲရုံလုပ်ငန်းများ ကို ပွင့်လင်း မြင်သာအောင်၊ လွတ်လပ် မျှတအောင် ဝိုင်းဝန်း တည့်မတ်ပေးကြသည့် မီဒီယာများနှင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပါဝင် ဆောင်ရွက်ကြသည့် သက်ဆိုင်သူ အားလုံးတို့အား ကျေးဇူးတင်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)