Science & Technology
ရန်ကုန်မြို့အတွင်းသို့ သဘာဝဓာတ်ငွေ့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်း ဧရိယာများ အတွင်းကျူးကျော်တဲများအား အသိပညာပေးမှုများပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့အတွင်းရှိ သဘာဝဓာတ်ငွေ့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်း ဧရိယာများ အတွင်း၌ ကျူးကျော်တဲများ ရှိနေဆဲ ဖြစ်သဖြင့် အသက်အန္တရာယ် ထိခိုက် စေနိုင်သည့် အခြေအနေများ ရှိသည့်အတွက် အသိပညာပေး မှုများ စဉ်ဆက်မပြတ် ပြုလုပ် နေရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (ရန်ကုန်) တာဝန်ရှိသူ တစ်ဦးကပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများကို စည်ပင်ပိုင်မြေ နှင့် လမ်း နယ်နိမိတ် မြေများအတွင်း၌ သွယ်တန်း ထားခြင်းဖြစ်ပြီး မြို့သစ်များ ဖော်ထုတ်သည့် အခါတွင် ပိုက်လိုင်း လမ်းကြောင်း အဖြစ် မြေချန် သတ်မှတ် သွယ်တန်းထား ပါက ပိုက်လိုင်း၏ ဘေးတစ်ဖက် တစ်ချက် ပေ ၅ဝ အတွင်း ပိုက်လိုင်းဧရိယာ အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။
သို့ရာတွင် ပိုက်လိုင်းသွယ်တန်း အသုံးပြုမှုများမှာ သက်တမ်းကြာ လာပြီဖြစ်သည့် အပြင် မတော်တဆ မှုများကြောင့် အန္တရာယ် ရှိနိုင်သဖြင့် ယင်းပိုက်လိုင်း ဧရိယာအတွင်း ၌ အဆောက်အအုံများ ဆောက်လုပ်ခြင်း ၊ ခြံဝင်းခတ်ခြင်း နှင့် နှစ်ရှည်သီးနှံ ပင်များ စိုက်ပျိုးခြင်း တို့ကို မပြုလုပ်ကြရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ သတိပေး ထားသည်။
ရွာမ-အလုံ၊ ရွာမ-လှော်ကား၊ ရွှေပြည်သာ- တိုးကြောင်ကလေး- သာကေတ၊ ရွာမ- ရွှေပြည်သာ၊ ဒေါ်ငြိမ်း-ရွာမ နှင့် ရွာမ-လှော်ကား – သာကေတ လမ်းကြောင်းများ ပေါ်ရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ဓာတ်ငွေ့ အရောင်းဆိုင် များသို့ ပိုက်လိုင်း ခုနစ်လိုင်းဖြင့် သွယ်တန်းချိတ်ဆက် ထားပြီး သဘာဝ ဓာတ်ငွေ့များ ဖြန့်ဖြူးလျက် ရှိကာ အချို့သော ပိုက်လိုင်းများမှာ သက်တမ်းကြာမြင့် လာပြီဖြစ်၍ ယင်းနေရာများ၌ ကျူးကျော် နေထိုင်သည့် သူများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ တရားဝင်သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)