Social
မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှု အထင်ကရနေရာဖြစ်သည့် မြိတ်ကျွန်းစုဒေသကို အာဆီယံခရီးသွားပြပွဲ-၂၀၁၇ တွင် အထူးမြှင့်တင်လျက် ပါဝင်ပြသမည်
ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှု အထင်ကရနေရာဖြစ်သည့် တနသာၤရီ တိုင်းဒေသကြီး ၊ မြိတ်ကျွန်းစု ဒေသကို အာဆီယံခရီးသွားပြပွဲ-၂၀၁၇ ၌ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ၃ ခန်း ပါဝင် ပြသရာတွင် အထူးမြှင့်တင်လျက် ပါဝင်ပြသမည် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် -၂၀၁၇ နှင့်အတူ အာဆီယံ ခရီးသွားပြပွဲ-၂၀၁၇ ဖွင့်ပွဲ အခမ်းအနား ကို စင်ကာပူနိုင်ငံ ၊ Marina Bay Sands Expo & Convention Centre တွင် ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွား ပြခန်းများတွင် မြန်မာ့ရိုးရာ အစားအစာများ ၊ အမှတ်တရပစ္စည်းများ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်း ၃ ခန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ၊ မြန်မာနိုင်ငံ ဈေးကွက် မြှင့်တင်ရေး အသင်း၊ ခရီးသွားကုမ္ပဏီများ ၊ ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများမှ ပါဝင်ပြသ ကြမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၁၇ ကို ဇန်နဝါရီလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ် မည်ဖြစ်ပြီး ယခုနှစ်ကျင်းပသည့်ဖိုရမ်တွင် အာဆီယံ နှစ် (၅၀) ပြည့် ရွှေရတုခရီးသွားနှစ်အခမ်းအနားအား တရားဝင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)