Sport
၂၀၁၇ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၇ခုနှစ် အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂၅ရက်နေ့ နေ့လည်ပိုင်းက ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ First Hotel တွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ဗီယက်နမ် အသင်းနည်းပြ Miguel Rodrigo(မီဂူရယ်ရိုဒရင်ဂို) က “ဒီပြိုင်ပွဲမတိုင်ခင်မှာ ပြင်ဆင်မှုအနေနဲ့ တရုတ်ဖိတ်ခေါ်ဖလားဝင်ပြိုင်ခဲ့ပါတယ်။ အာဆီယံဒေသတွင်းမှာ ဖူဆယ်ကစားနည်းတိုးတက်လာမှုက တကယ်မြန်ဆန်ပါတယ်။ အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ မြန်မာ၊အင်ဒို အသင်းတွေကလဲ အသင်းကောင်းတွေဖြစ်လို့ ပွဲစဉ်တိုင်းကို လေးလေးစားစားယှဉ်ပြိုင်သွားမှာပါ။ အိမ်ရှင်အားသာချက်နဲ့ နောက်တစ်ဆင့်တက်အောင် စွမ်းဆောင်သွားမှာပါ။’’ ဟုပြောကြားခဲ့သည်။
ဦးကြည်မင်းသိန်း ၊(မြန်မာ့လက်ရွေးစင် ဖူဆယ်ဘောလုံးအသင်း အုပ်ချုပ်သူ) က “မြန်မာအသင်းနည်းပြချုပ် အနေနဲ့ အသင်းလေ့ကျင့်ရေးအစီအစဉ်ရှိနေတာကြောင့် ဒီနေ့ပွဲကို မတက်ရောက်နိုင်ပါဘူး။ ပထမဆုံးအနေနဲ့ အစစအရာရာအဆင်ပြေအောင် စီစဉ်ပေးတဲ့ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ပါတယ်။ ဗီယက်နမ်၊အင်ဒိုတို့ပါဝင်တဲ့ အုပ်စုဟာ ခက်ခဲပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ’’ ဟုပြောကြားခဲ့သည်။ (Xinhua)