Connect with us

Economy

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် စတင်အသက်ဝင်

ရန်ကုန်မြို့ရှိ ကုန်တင်ဆိပ်ကမ်းတစ်ခုအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP)သည် ယနေ့ မေ ၁ ရက်တွင် စတင်အသက်ဝင်လာခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများအနေဖြင့် စာချုပ်က ပေးအပ်သည့် အကောက်ခွန်အထူးအခွင့်အရေးတို့ကို အသုံးပြု၍ အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ယနေ့ မေ ၁ ရက်တွင် အသိပေးကြေညာခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က “တရုတ်နိုင်ငံ အပါအဝင် RCEP စာချုပ်ကို အတူတကွ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သို့သော်လည်းပဲ စာချုပ်အသက်ဝင်တဲ့ Date တွေကတော့ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ မတူကြပါဘူး ။ ကိုယ့်ရဲ့ ပြည်တွင်းလုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဒီနေ့ မေလ ၁ ရက်နေ့ကတော့ တရုတ်နိုင်ငံ နဲ့ မြန်မာနိုင်ငံတို့ရဲ့အကြားမှာ စာချုပ်အာဏာသက်ဝင်တဲ့ Date တွေကို နှစ်ဘက်နိုင်ငံကနေ အသိအမှတ်ပြုကြတယ် ။ ဒီလိုစာချုပ်အသက်ဝင်ခြင်းအားဖြင့် တရုတ်နိုင်ငံ နဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်တဲ့အခါမှာ ကုန်စည်အမျိုးအစား ၅,၀၀၀ ကျော် အကောက်ခွန် သက်သာခွင့်တွေ ရမယ် ။ ကင်းလွတ်ခွင့်တွေ ရမယ် ။ တခြား စာချုပ်ဝင် မဟုတ်တဲ့ နိုင်ငံတွေနဲ့ စာလို့ရှိရင် ပိုပြီးတော့ အခွင့်အလမ်း ရရှိမယ်ပေါ့ ။ ဒီလို အကျိုးကျေးဇူးတွေ ရရှိမယ်ဆိုတာ နှစ်ဘက် အတူတူကြေညာကြတာပါ ။ တရုတ်နိုင်ငံဘက်က Ministry of Commerce အဲဒီ website မှာလဲ ကြေညာထားပါတယ် ။ ဒီလိုပဲ ကျွန်မတို့ ဝန်ကြီးဌာနရဲ့ website ရော ၊ သတင်းစာမှာရော အားလုံး ကြေညာတာ ဖြစ်ပါတယ် ။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(Regional Comprehensive Economic Partnership Agreement-RCEP)ကို ၂၀၁၂ ခုနှစ်မှစ၍ ၈ နှစ်ကြာ ညှိနှိုင်းခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ နှင့် တရုတ် ၊ ဂျပန် ၊ ကိုရီးယား ၊ ဩစတြေးလျ နှင့် နယူးဇီလန်နိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

“တကယ်တမ်းတော့ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယား အစရှိသဖြင့် ဒီနိုင်ငံတွေနဲ့လည်း အသက်ဝင်ပြီ ဖြစ်ပါတယ် ။ ဒါပေမယ့် ကျန်တဲ့နိုင်ငံတွေကတော့ အာဆီယံထဲက နိုင်ငံတွေပေါ့နော် ။ ဒါပေမယ့် အာဆီယံရဲ့ ပြင်ပဆိုလို့ တရုတ်နိုင်ငံနဲ့ အရင်ဦးဆုံး စပြီး အသက်ဝင်မှု ရှိပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ အသက်ဝင်တာမျိုးတွေ ရှိပါတယ်။ သို့သော် အာဆီယံရဲ့ ပြင်ပနိုင်ငံတွေ အနေနဲ့ဆိုရင် တရုတ်နိုင်ငံက ပထမဦးဆုံး စပြီး အသက်ဝင်တာ ဖြစ်ပါတယ်။”ဟု ဒေါက်တာဝါဝါမောင်က ဆက်လက် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံနဲ့ ဒီနေ့ကစပြီးတော့ အသက်ဝင်တာပေါ့ ။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြားထဲမှာ နိုင်ငံအချင်းချင်း ကုန်သွယ်မှုက အိမ်နီးချင်းနိုင်ငံ ဖြစ်နေတဲ့အတွက် တောက်လျောက်ကတော့ ကုန်သွယ်နေတာပေါ့ ။ သို့သော်လည်းပဲ စာချုပ်ရဲ့ ပါဝင်တဲ့ အခွင့်အရေး ခံစားခွင့်ရှိတာက ဒီနေ့ကစပြီး ခံစားခွင့် ရှိတာပေါ့နော် ။”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

RCEP သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်း ၊ ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်း ၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉ ရာခိုင်နှုန်း နှင့် ကမ္ဘာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုက်ရိုက်စီးဝင်ခြင်း၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည့် ကမ္ဘာ့အကြီးမားဆုံး စည်းမျဉ်းအခြေခံနိုင်ငံစုံကုန်သွယ်မှုသဘောတူစာချုပ်တစ်ခု ဖြစ်ကြောင်း သိရသည်။

“လူဦးရေအားဖြင့်လည်း ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကျော် ရှိတယ် ။ GDP အားဖြင့်လည်း ကမ္ဘာ့ GDP ရဲ့ သုံးပုံတစ်ပုံလောက် ရှိတယ်ဆိုတဲ့ ဈေးကွက်ကြီးက နည်းတဲ့ ဈေးကွက်ကြီး မဟုတ်ဘူး ။ ဒီဈေးကွက်ကြီးထဲမှာပဲ ရောင်းဝယ်ဖောက်ကားပါအုန်းပေါ့ ။ သိပ်အဝေးကြီး မကြည့်ဘဲနဲ့ ဒီဈေးကွက်ထဲမှာပဲ ကိုယ်ရောင်းနိုင်တာ ကိုယ်ဝယ်နိုင်တာ ၊ ကိုယ်ဝယ်ချင်တဲ့ပစ္စည်း ကိုယ်ရောင်းချင်တဲ့ပစ္စည်းတွေကို တင်ပို့မယ် ၊ တင်သွင်းမယ် ဆိုလို့ရှိရင် နိုင်ငံရဲ့ စီးပွားရေးက ကောင်းမွန်စွာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာမယ် ။ နောက်ပြီး ရင်းနှီးမြှုပ်နှံမှုရော ၊ ကုန်သွယ်မှုရော ၊ နောက်တစ်ခုက ဒေသတွင်း ရောင်းလိုအား ကွင်းဆက်တွေ အစရှိသဖြင့် ဒီအပိုင်းတွေကို ဆောင်ရွက်နိုင်မယ် ။ နောက်တစ်ခုက လုပ်သားပေါ့ ။ လုပ်သားလို့ ပြောတဲ့နေရာမှာ ကျွမ်းကျင်မှုလုပ်သားတွေ ၊ နည်းပညာတွေ ဒါကြောင့်မို့ တကယ့်ကို မိမိရရ အသုံးချမယ်ဆိုလို့ရှိရင် ဒါကြီးက နည်းတဲ့ Group ကြီး မဟုတ်ပါဘူး ။ ဒါကိုလဲ အများပြည်သူ သိရှိပြီးတဲ့အခါကြတော့ အားလုံး တင်ပို့မယ့်သူတွေရော ၊ တင်သွင်းမယ့်သူတွေရော သိရှိပြီးတော့ ဒီအခွင့်အရေးကို ရအောင် ယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက်လည်း ကျွန်မတို့ ဝန်ကြီးဌာနကနေပြီးတော့ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ။”ဟု ၄င်းက ဆက်ပြောသည်။
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(Regional Comprehensive Economic Partnership Agreement-RCEP) သည် ယင်းသဘောတူစာချုပ်၏ အပိုဒ်(၂၀.၆) စာချုပ်အသက်ဝင်ခြင်းအရ မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြားတွင် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်အသက်ဝင်ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)