Connect with us

Politics

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု ထူထောင်သည့်နှစ်(၇၀)ပြည့် အထိမ်းအမှတ် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အား အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှုထူထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တို့သည် ယနေ့ ဇွန် ၈ ရက်တွင် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။

အဆိုပါ သဝဏ်လွှာတွင် သမ္မတရှီကျင့်ဖိန်က သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည့် နှစ် ၇၀ ကြာကာလတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် အစဉ်အလာ ချစ်ကြည်ရေးသည် မိုးဒဏ်လေဒဏ်များကိုဖြတ်သန်းကာ မပြောင်းမလဲ ခိုင်မာစွာ တည်ရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံဆက်ဆံ ရေး တိုးမြင့်ကာ ကဏ္ဍစုံ ပူးပေါင်းဆောက်ရွက်မှုများ နက်ရှိုင်းလာခဲ့ရာ နှစ်နိုင်ငံ ပြည်သူအများ၏အကျိုးကို ဆောင်ကြဉ်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အတူတကွတွေ့ရစဉ်(ဆင်ဟွာ)

ယခု ကာလများတွင် COVID-19ကပ် ရောဂါတိုက်ဖျက်ရေးတွင် နှစ်ဖက်အကြားအပြန်အလှန် ကြည့်ရှုစောင့်ရှောက်အားပေးကူညီခဲ့ကြရာ အခက်အခဲများအကြား တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြသည့် တရုတ်-မြန်မာနှစ်နိုင်ငံ၏ အေးတူပူအမျှအသိုက်အဝန်းစိတ်ဓါတ်အား ထင်ရှားစွာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် မိမိအနေဖြင့် မြန်မာနိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ရာ အဆွေတော်နှင့်အတူ တရုတ်-မြန်မာ နှစ်နိုင်ငံ အေးတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ရာ  နှစ်နိုင်ငံဆက်ဆံရေးအား ခေတ်သစ်သို့ လျှောက်လှမ်းရန် တွန်းအားဖြစ်စေမည်ဖြစ်ကြောင်း သမ္မတရှီ၏ သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

ယနေ့ခေတ်ကမ္ဘာကြီးသည် နှစ်တစ်ရာတွင်မကြုံရစဖူးသော အပြောင်းအလဲကြီးနှင့် ရင်ဆိုင်နေရရာ နှစ်နိုင်ငံဆက်ဆံရေးသည် ရှေးယခင်ကိုဆက်ခံ၍အနာဂတ်ကို  လျှောက်လှမ်းမည့် အရေးကြီးအခါသမယဖြစ်ကြောင်း၊ မိမိအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားရာ အဆွေတော်နှင့်အတူ  နှစ်နိုင်ငံ အေးတူပူအမျှအသိုက်အဝန်းတည်ဆောက်ရန် နီးကပ်သည့်အဆင့်မြင့်အရာရှိဆက်ဆံရေး၊ ခိုင်မာသည့်  နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု၊ နက်ရှိုင်းသည့် ကဏ္ဍစုံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ၊ ဘက်ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်းနှင့်အတူ နှစ်နိုင်ငံပြည်သူများအကြား ထာဝစဉ် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ အပေါင်းအဖေါ်ကောင်း၊ ဆွေမျိုးပေါက်ဖော်ကောင်း ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း သမ္မတရှီ၏ သဝဏ်လွှာတွင် ဆက်လက်ဖော်ပြထားသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်နိုင်ငံတွင် (၁၃) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း နှင့် မြန်မာနိုင်ငံ၏ COVID-19တိုက်ဖျက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်  အဖိုးတန်သည့် ကူညီမှုများနှင့် အင်တိုက်အားတိုက် အားပေးထောက်ခံမှုများကို ကျေးဇူးတင်ရှိကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်သွယ်မှုထူထောင်သည့်နှစ် ၇၀ ပြည့်အခါသမယတွင် နှစ်နိုင်ငံအေးတူပူမျှအသိုက်အဝန်းတည်ဆောက်ရန် နှစ်နိုင်ငံအကြား သဘောတူညီမှုရရှိခဲ့ကြောင်း၊  မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြင့်လာခြင်းနှင့်အတူ နှစ်နိုင်ငံ ကဏ္ဍစုံ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများသည် နက်ရှိုင်းလာမည်ဟု ယုံကြည်ကြောင်း သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာတွင် ရေးသားထားသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန် ပေးပို့ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်၏ သဝဏ်လွှာထဲတွင် လက်ရှိအခြေအနေသစ်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိခဲ့သော သဘောတူညီချက်များကို မဏ္ဍိုင် ထား၍ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာချိတ်ဆက်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားပြီး “Belt and Road” အတူလက်တွဲတည်ဆောက်ရေးနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ နှစ်နိုင်ငံ အေးတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင်  “Belt and Road”နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများအကျိုးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုများ အဆက်မပြတ်တိုးတက်စေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ဖော်ပြထားသည်။  (Xinhua)