Connect with us

Africa & Middle East

တူရကီ ငလျင်ကြောင့် သေဆုံးသူ ၁၁၄ ဦးအထိရှိလာ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီး

တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင်လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ပြိုကျနေသည့် အဆောက်အအုံတစ်ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင်လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း ၁၁၄ ဦးအထိ ရှိလာပြီး ၁,၀၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (AFAD) က နိုဝင်ဘာ ၄ ရက်တွင်ပြောကြားခဲ့သည်။

ထို့ပြင် လူ ၁၃၇ ဦးသည်လည်း ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း AFAD က ကြေညာချက်တွင် ရေးသားခဲ့သည်။ ပြိုကျခဲ့သည့်အဆောက်အအုံ ၁၇ လုံးတွင် ကယ်ဆယ်ရေးလုပ်ငန်းများအပြည့်အဝ ဆောင်ရွက်ပြီးဖြစ်ကြောင်း AFAD အကြီးအကဲ Mehmet Gulluoglu က ၎င်း၏တွစ်တာအကောင့်တွင် ကြေညာခဲ့သည်။အပျက်အစီးများကြားမှ လူပေါင်း ၁၀၇ ဦးကို အသက်ရှင်လျက်ဆွဲထုတ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက အစောပိုင်းက ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် Izmir မြို့တော်ဝန် Tunc Soyer က နေအိမ်တိုက်ခန်းအဆောက်အအုံ ပြိုကျခြင်း သို့မဟုတ် ဆိုးဆိုးရွားရွားပျက်စီးခဲ့ရသူများအတွက် One Rent One Home ဟုအမည်ပေးထားသည့် အကူအညီပေးရေး လှုံဆော်မှုတစ်ခုကို နိုဝင်ဘာ ၃ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။

လိုအပ်နေသည့်နိုင်ငံသားများအတွက် အိမ်ငှားပေးလိုသူများ သို့မဟုတ် အိမ်တွင်လက်ခံပေးလိုသူများ အနေဖြင့် အွန်လိုင်းတွင် အကြောင်းကြားချက်များ ထည့်သွင်းနိုင်ကြောင်း ၎င်းက ကြေညာချက်တွင် ဖော်ပြထားသည်။“ဒီလှုံဆော်မှုကြေညာအပြီး ငါးနာရီအကြာမှာ ငှားရမ်းခအတွက် အကူအညီပေးတဲ့ တူရကီငွေ Lira ၂သန်း (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၃၅,၀၀၀) လက်ခံရရှိခဲ့တယ်” ဟု Soyer က ၎င်း၏တွစ်တာအကောင့်တွင် ကြေညာခဲ့သည်။

လက်ရှိအချိန်တွင် ပြည်နယ်တစ်ဝန်း ငလျင်ဒဏ်ခံရသူများအတွက် နေထိုင်စရာ ယာယီအမိုးအကာ ၈,၀၀၀ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။တူရကီနိုင်ငံ Izmir ပြည်နယ် Seferihisar ခရိုင်၊ အေဂျီယံပင်လယ်ပြင်ပတွင် အောက်တိုဘာ ၃၀ ရက်က အင်အား ၆.၆ အဆင့်ရှိသော အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)