Connect with us

Africa & Middle East

ယီမင်ရှိ အယ်လ်ကိုင်းဒါး စစ်သွေးကြွ ၈ဝဝ ကျော်အား ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ သုတ်သင်ခဲ့

ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးအပြီး ယီမင်နိုင်ငံ Al Mukalla မြို့၌ ညွန့်ပေါင်း တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယဒ် ၊ ဧပြီ ၂၅ ရက် ( ဆင်ဟွာ )

ဆော်ဒီအာရေးဗျ နိုင်ငံက ဦးဆောင်သော ညွန့်ပေါင်း တပ်ဖွဲ့ဝင်များ၏ ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး အတွင်း ယီမင် နိုင်ငံရှိ အယ်လ်ကိုင်းဒါး စစ်သွေးကြွ ၈ဝဝ ကျော်အား သုတ်သင် သတ်ဖြတ် နိုင်ခဲ့ရာ ယီမင် ရွေးကောက်ခံ အစိုးရအတွက် များစွာ ကူညီထောက်ပံ့ရာ ရောက်ခဲ့ကြောင်း ဆော်ဒီ သတင်း အေဂျင်စီက ရေးသားဖော်ပြသည်။

စစ်ဆင်ရေး ပထမနာရီများ အတွင်းမှာပင် အယ်လ်ကိုင်းဒါး အကြမ်းဖက်သမား ၈ဝဝ ကျော် နှင့် ခေါင်းဆောင် အချို့ကို သုတ်သင် နိုင်ခဲ့ပြီး ကျန်သူများကိုလည်း စစ်ပွဲ ဧရိယာအတွင်း လက်ရ ဖမ်းဆီးမိခဲ့သည်။ အာရပ် နိုင်ငံများဖြစ် အဓိက ဖွဲ့စည်းထားသော ညွန့်ပေါင်း တပ်ဖွဲ့က ပြောကြားရာတွင် ယီမင်စစ်တပ် ၊ ဆော်ဒီ၏ ထောက်ပံ့ကူညီမှုနှင့် အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) တို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် စစ်ဆင်ရေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယီမင် နိုင်ငံတွင် ရွေးကောက်ခံ အစိုးရ၏ သြဇာ ပိုမိုလွှမ်းမိုး နိုင်စေရန် နှင့် ယီမင် အခြေစိုက် အကြမ်းဖက် အုပ်စုများကို ဖယ်ရှားနိုင်ရန် နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့ဝင်များက အစွမ်းကုန် ကြိုးပမ်းနေသည်။ ထို့ပြင် အယ်လ်ကိုင်းဒါး အကြမ်းဖက် သမားများ၏ လက်ထဲကျရောက်နေသည့် ယီမင်နိုင်ငံ ရှိ မြို့များနှင့် အကြမ်းဖက် အုပ်စုများ အခိုင်အမာ ခြေကုပ်ယူထားသည့် Al Mukalla မြို့အား ပြန်လည် သိမ်းယူနိုင်ရန် လုပ်ဆောင် နေသည်ဟု ယီမင်တပ်မှူးများက ဆိုသည်။

ညွန့်ပေါင်း တပ်ဖွဲ့ကို ဟူတီ ( Houthi ) သူပုန်များအား နှိမ်နင်းရန် နှင့် ယီမင်နိုင်ငံအား တည်ငြိမ်မှု ပြန်လည် ရရှိရန် ရည်ရွယ်ပြီး ၂ဝ၁၅ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယီမင်နိုင်ငံ အတွင်းရှိ တိုက်ပွဲများမှာ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ညွန့်ပေါင်း တပ်ဖွဲ့က ယခုနှစ် အစောပိုင်းတွင် ကြေညာထားသည်။ (Xinhua)