Connect with us

Africa & Middle East

ယီမင် အနောက်မြောက်ပိုင်း၌ ပြုလုပ်သော လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၉ ဦးသေဆုံး

ယီမင်နိုင်ငံ Hajjah ပြည်နယ်၌ ဆော်ဒီဦးဆောင်သော ညွှန့် ပေါင်းတပ်ဖွဲ့ က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက် အပျက်အစီးပုံအားတွေ့ စဉ်(ဓာတ်ပုံ-အင်တာနက်)

ဆန်နာ ၊ စက်တင်ဘာ ၂ဝ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ အနောက်တောင်ပိုင်း Hajjah ပြည်နယ်၌ စက်တင်ဘာလ ၁၉ ရက်က ဆော်ဒီအာရေးဗီးယားနိုင်ငံမှ ဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုဝင်တစ်ခုတည်းမှ လူ ၉ ဦးသေဆုံးသွားကြောင်း လုံခြုံရေး အရာရှိတစ်ဦးက ဆိုသည်။

Kashar ခရိုင်ရှိ Mazraah ကျေးရွာမှ မိသားစုတစ်စုနေထိုင်သည့် အိမ်အား လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူအများစုမှာ ကလေးငယ်များဖြစ်ကြောင်း ၊ သေဆုံးသူများ၏ ဓာတ်ပုံများကို ဒေသခံများက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ဒဏ်ခံစားနေရသော အာရပ် တိုင်းပြည် ယီမင်တွင် အရပ်သားများအား လေကြောင်းမှတဆင့် ပစ်မှတ်ထားတိုက်ခိုက်မှု နောက်ဆုံးဖြစ်စဉ်တစ်ခုဖြစ်သည်။ ပြီးခဲ့သော စက်တင်ဘာ ၆ ရက်ကလည်း ညွှန့်ပေါင်းတပ်ဖွဲ့သည် Hajjah ပြည်နယ်အတွင်းရှိ Alsadah ကျေးရွာအား လေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုဝင် ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၃ ရက်က Hajjah ပြည်နယ်ရှိ Washahah ကျေးရွာအား အခြားလေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့စဉ်အတွင်း အမျိုးသမီး ၂ ဦး နှင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး အခြား လူ ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

Hajjah ပြည်နယ်သည် ဆော်ဒီအာရေးဗီးယားနိုင်ငံ တောင်ပိုင်းနယ်စပ် နှင့် ထိစပ်နေသော ယီမင်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သည်။ ယီမင်နိုင်ငံ၌ နိုင်ငံတကာမှ အသိအမှတ်ပြုထားသော သမ္မတ Abd-Rabbu Mansour Hadi အား ဆန့်ကျင်သည့် အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် ဟူတီသူပုန်များက ဆန်နာမြို့တော်ရှိ စစ်ရုံး နှင့် နိုင်ငံတောင်ပိုင်းဒေသများကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် ၂ဝ၁၅ ခုနှစ် မတ်လတွင် ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့က ယီမင်၌ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

အရပ်သားအများစုပါဝင်သော လူပေါင်း ၁ဝဝဝဝ ကျော်သည် စစ်ပွဲအတွင်း သေဆုံးခဲ့ရပြီး လူပေါင်း ၃ သန်းကျော်မှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း ကုလသမဂ္ဂ အေဂျင်စီးများ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယီမင်နိုင်ငံသည် ကာလဝမ်းရောဂါ ကူးစက် ပျံ့နှံ့ခြင်းကို ခံစားနေရပြီး ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုလည်း ခံစားနေရကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.