Africa & Middle East
ကိတ်တောင်း စက်ဘီးစီး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂ဦးသေဆုံး
ဂျိုဟန်နက်စ်ဘာ့တ်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ ကိတ်တောင်း စက်ဘီးစီး ပြိုင်ပွဲ၏ ပွဲစီစဉ်သူများက ၂၀၁၈ခုနှစ် ပြိုင်ပွဲ အတွင်း ပြိုင်ပွဲဝင် ၂ဦးသေဆုံးခဲ့ကြောင်း မတ် ၁၁ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ပြိုင်ပွဲအတွင်း စက်ဘီး အစီး ၂၀ မတော်တဆတိုက်မိမှုကြောင့် မတ်လ ၁၁ရက် နံနက်ပိုင်းတွင် ပြိုင်ပွဲဝင်တစ်ဦး ပထမဆုံးသေဆုံးခဲ့ကြောင်း ပြိုင်ပွဲဒါရိုက်တာ David Bellairs ကပြောကြားခဲ့သည်။
Bellairs က ယင်းပြိုင်ပွဲဝင်သည် မတော်တဆမှုမှ ရရှိခဲ့သော ဒဏ်ရာများကြောင့် သေဆုံးခဲ့ပြီး မိသားစု၏ တောင်းဆိုချက်ကို လေးစားသောအားဖြင့် သေဆုံးသူ၏ အမည်ကို ထုတ်ပြန်ကြေညာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဒုတိယအကြိမ်ဖြစ်ပွားသော မတော်တဆမှု၌ အမျိုးသားပြိုင်ပွဲဝင်တစ်ဦး သည် နှလုံးထိခိုက်မှုဖြင့် ထပ်မံသေဆုံးခဲ့ကြောင်း နှင့် ယင်းသေဆုံးသူ၏ အမည်ကိုလည်း ထုတ်ပြန်ကြေညာမည်မဟုတ်ကြောင်း Bellairs က ပြောကြားခဲ့သည်။
ယခုနှစ်တွင် ကျင်းပပြုလုပ်သော ကိတ်တောင်း စက်ဘီးစီးပြိုင်ပွဲသည် အကြိမ် ၄၀မြောက်ပြိုင်ပွဲဖြစ်ပြီး နှစ်စဉ် စက်ဘီးစီးသူ ၃၅,၀၀၀ ဝန်းကျင်ကို ဆွဲဆောင်နိုင်ခဲ့သော ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)