Africa & Middle East
နိုင်ဂျီးရီးယားရှိ စစ်သွေးကြွများ ပြန်ပေးဆွဲထားသည့် ၇ ဦး ပြန်လည်လွတ်မြောက်လာ
ကန်ဘာရာ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းတွင် လွန်ခဲ့သော ရက်သတ္တပတ်က ချုံခိုတိုက်ခိုက်မှု တစ်ခု ဖြစ်ပွားပြီးနောက် သြစတြေးလျ နိုင်ငံသား ၃ ဦး အပါအဝင် အမျိုးသား ၇ ဦးအား စစ်သွေးကြွများက ပြန်ပေးဆွဲခဲ့ပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီ ဘစ်ရှော့ပ်က ဇွန်လ ၂၇ ရက်က ပြောသည်။
သြစတြေးလျ သတ္တု ကုမ္ပဏီ တစ်ခုဖြစ်သော Macmahon Holdings က ဇွန်လ ၂၆ ရက်နှောင်းပိုင်းက အသေးစိတ် ထုတ်ပြန်လိုက်သည့် ကြေညာချက်၌ ၎င်းတို့၏ အလုပ်သမား ၇ ဦးသည် တစ်ပတ်ကြာ ဖမ်းဆီးခံရပြီး နောက် လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း အသေးစိတ် ထုတ်ပြန်ထားသည်။
ယင်း အလုပ်သမားများ ဘေးကင်းစွာ လွတ်မြောက်ရေးအတွက် သြစတြေးလျနှင့် နိုင်ဂျီးရီးယား နှစ်နိုင်ငံ အစိုးရ များက ကြိုးပမ်း အားထုတ်ခဲ့ပြီး သြစတြေးလျ အစိုးရအနေဖြင့် ပြန်ပေးသမားများအား ပြန်ပေးငွေ ပေးအပ်ခဲ့ခြင်း မရှိခဲ့ကြောင်း ဘစ်ရှော့က အတည်ပြု ပြောကြားခဲ့သည်။
ပြန်လည် လွတ်မြောက်လာသူ အားလုံးမှာ ကောင်းမွန်လျက် ရှိကြောင်း၊ ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင် နေဆဲ ဖြစ်ကြောင်း၊ အားလုံးအတွက် စိတ်ဒဏ်ရာ သိသိသာသာ ရရှိခဲ့ကြောင်းနှင့် ၎င်းတို့အားလုံး မိသားစုထံ ပြန်ရောက်သွားပြီ ဖြစ်ကြောင်း ဘစ်ရှော့ပ်က Macquarie ရေဒီယိုသို့ ပြောကြားခဲ့သည်။
Macmahon Holdings ၏ အမှုဆောင် အရာရှိချုပ် Sy van Dyk က လွတ်မြောက်လာသူများအနက် ၂ ဦးမှာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အခြား ထောက်ပံ့ရေး အဖွဲ့လည်း ပံ့ပိုးပေးထားကြောင်း ဇွန်လ ၂၆ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။
ပြန်ပေး ဆွဲခံရသူများတွင် သြစတြေးလျ ၃ ဦး၊ နယူးဇီလန် ၁ ဦး၊ တောင်အာဖရိက ၁ ဦးနှင့် နိုင်ဂျီးရီးယားမှ ၂ ဦး ပါဝင်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ထံမှ သိရသည်။ (Xinhua)