Africa & Middle East
ပြင်သစ် ပေးအပ်သည့် ဂုဏ်ပြုဆုတံဆိပ်အား ဆီးရီးယားသမ္မတက ပြန်လည်အပ်နှင်း

ဒမက်စကက်စ်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)
ဆီးရီးယားသမ္မတ Bashar al-Assadက ပြင်သစ်အစိုးရပေးအပ်သည့် Legion of Honour ဂုဏ်ပြုဆု တံဆိပ်အားပြန်လည် အပ်နှင်းခဲ့သည်ဟု ဆီးရီးယားသမ္မတအိမ်တော် ပြန်ကြားရေးရုံးက ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ထားသည့်ကြေညာချက်ဖော်ပြထားသည်။
ထိုကြေညာချက်တွင် ပြင်သစ်က အမေရိကန်ဦးဆောင်သည့် ဆီးရီးယားတိုက်ခိုက်မှုတွင် ပါဝင်ခဲ့ပြီးနောက် ၎င်းဂုဏ်ပြုဆုအား ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆီးရီးယားဆိုင်ရာ ရိုမေးနီးယားသံရုံးမှတစ်ဆင့် ပြန်လည်အပ်နှံခဲ့ကြောင်း ရေးသားထားသည်။
အကြမ်းဖက်အဖွဲ့အစည်းကို အားပေးကာ အမေရိကန်နောက်လိုက်ပြီး ဆီးရီးယားကို တိုက်ခိုက်မှုတွေပြုလုပ်နေ သည့် နိုင်ငံ၏ဂုဏ်ပြုဆုကို လက်ကိုင်ထားရှိခြင်းက သမ္မတBashar al-Assadအတွက် ဂုဏ်ယူဖွယ်မဟုတ် ကြောင်း ၎င်းကြေညာချက်တွင် အလေးထားဖော်ပြထားသည်။
၂၀၁၂ခုနှစ် မတ်လတွင် ဆီးရီးယားလုံခြုံရေးအခြေအနေတွေ ဆိုးဝါးလာပြီးနောက် ပြင်သစ်က ဆီးရီးယားရှိ သံရုံးကို ပိတ်သိမ်းခဲ့ရာ ဆီးရီးယားနိုင်ငံရှိပြင်သစ်ကောင်စစ်ဝန်ရုံး၏ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆီးရီးယားအခြေစိုက် ရိုမေးနီးယားသံရုံးက လက်ခံဆောင်ရွက်ခဲ့ပါသည်။
ပြင်သစ်အစိုးရကလည်း Bashar al-Assad၏ထို ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုပ်သိမ်းရန်စီစဉ်နေသည်ဟု ပြင်သစ်သမ္မတအိမ်တော်၏သတင်းများကို ကိုးကား၍ မီဒီယာများက ဖော်ပြထားသည်။
Legion of Honour ဂုဏ်ပြုဆုကို Napoleon Bonaparteက ၁၈၀၂ ခုနှစ်တွင် စတင်တည်ထောင်ခြင်းဖြစ်ပြီး ၎င်းဆုမှ ပြင်သစ်အစိုးရက အပ်နှင်းသည့် အဆင့်မြင့်ဆုံးဆုတံဆိပ်လည်းဖြစ်သည်။ထိုဆုကို ၂၀၀၁ ခုနှစ်တွင် ပြင်သစ်သမ္မတ Jacques Chirac က ဆီးရီးယားသမ္မတ Bashar al-Assadကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ဧပြီလ ၇ ရက်တွင် ဒမက်စကက်စ် အရှေ့ပိုင်း အရှေ့ Ghouta ဒေသတွင် ဓာတုလက်နက်သုံးတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ဧပြီလ ၁၄ ရက် မနက်ပိုင်းတွင် အမေရိကန်က ဗြိတိန်၊ပြင်သစ်တို့နှင့် ပူးပေါင်း၍ ဆီးရီးယားနိုင်ငံအတွင်းသို့ ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့တိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှုကို နိုင်ငံအချို့က သံသယဖြစ်ခဲ့ပြီး နိုင်ငံတကာအသိုက်အဝန်းကလည်း ဓာတုလက်နက်သုံးတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ တရားမျှတသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်သည်ဟု တိုက်တွန်းထားကြောင်းသိရသည်။
(Xinhua)