Connect with us

Africa & Middle East

အစ္စရေးနိုင်ငံက နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲ ကျင်းပ

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပျံသန်းနေသည့် အစ္စရေး စစ်လေယာဉ်များအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဂျေရုဆလင်၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

ဧပြီလ ၁၉ ရက်တွင် ကျင်းပသော အစ္စရေးနိုင်ငံလွတ်လပ်ရေးနေ့၌ အစ္စရေးအစိုးရနှင့် လူမှုအဖွဲ့အစည်းနယ်ပယ်အသီးသီးလူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပြီး အစ္စရေးနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရသည်။

ထိုနေ့မနက်ပိုင်းက အစ္စရေးသမ္မတ Reuven Rivlin၊ ဝန်ကြီးချုပ် Benjamin Netanyahu၊ ကာကွယ်ရေးဝန်ကြီး Avigdor Liebermanတို့က ဂျေရုဆလင် သမ္မတ အိမ်တော်တွင် ရဲဝံ့စွန့်စား ဆောင်ရွက်မှုရှိသော တပ်မတော်သားများကို ဂုဏ်ပြုဆုများချီးမြှင့်ပြီးနောက် အစ္စရေးကာကွယ်ရေးတပ်မတော်က စစ်ရေးပြ အခမ်းအနားကျင်းပခဲ့ကြောင်း၊ ထိုစစ်ရေးပြအခမ်းအနားတွင် အစ္စရေးနိုင်ငံ၏ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ ပါဝင် သရုပ်ပြခဲ့ကြောင်း ၊ လေတပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ပို့ဆောင်ရေးလေယာဉ်များဖြင့် မြို့ပေါင်း ၄၀ ကို အနိမ့်မှပျံသန်းသရုပ်ပြခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်၏ပြောကြားချက်အရ သိရှိရသည်။ ထို့အပြင် အစ္စရေးပြည်သူ ၃သိန်း ၅ သောင်းက အများပြည်သူအားဖွင့်လှစ်ပြသထားသည့် နိုင်ငံတစ်ဝန်းရှိ အစ္စရေး စစ်အခြေစိုက်စခန်းများသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။

ထို့နေ့တွင် ထောင်နှင့်ချီသော အစ္စရေးနိုင်ငံသား အာရပ်များက ၁၉၄၈ ခုနှစ်တွင် အာရပ်နိုင်ငံများနှင့် အစ္စရေးတို့ စစ်ဖြစ်ပွားပြီးနောက် ပါလက်စတိုင်းအများစု နေရပ်ပျောက်ဆုံးကာ ဒုက္ခသည်ဖြစ်သွားရသည်ကို ဝမ်းနည်းသည့်အထိမ်းအမှတ်အနေဖြင့် Atlit မြို့တွင် လမ်းလျှောက်ချီတက်ခဲ့ကြသည်။

အစ္စရေးတွင် လွတ်လပ်ရေးနေ့မတိုင်မီတစ်ရက်၌ ကျဆုံးသွားသော စစ်သည်ဗိုလ်ပါများအား ဝမ်းနည်းကြောင်း အထိမ်းအမှတ်အခမ်းအနား ကျင်းပသည်။ ဂျူးပြက္ခဒိန်အရ ယခုနှစ် လွတ်လပ်ရေးနေ့သည် ဧပြီလ ၁၈ရက် နေဝင်ချိန်တွင် စတင်ကျင်းပရမည်ဖြစ်ပြီး ဧပြီလ ၁၉ ရက် နေဝင်ချိန်တွင် ပြီးဆုံးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.