Africa & Middle East
ယီမင် စစ်ဆေးရေးဂိတ်တစ်ခုအား အယ်လ်ကိုင်ဒါးများဝင်ရောက်စီးနင်းရာ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး
ကူဝိတ်စီးတီး ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)
အာရေဗျကျွန်းဆွယ် အယ်လ်ကိုင်ဒါးလက်နက်ကိုင်များ က ယီမင်နိုင်ငံ တောင်ပိုင်း Abyan ပြည်နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုကို သြဂုတ်လ ၂၈ ရက် ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာ အစိုးရတပ်ဖွဲ့ဝင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ကြောင်း ယီမင်အစိုးရအရာရှိက သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
သြဂုတ် ၂၈ ရက် ညပိုင်းက ဒါဇင်နှင့်ချီသော အယ်လ်ကိုင်ဒါးအဖွဲ့ဝင်များ Abyanပြည်နယ်ရှိ အစိုးရစစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရတပ်ဖွဲ့ဝင် အနည်းဆုံး ၅ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အဆိုပါအစိုးရအရာရှိက ဆင်ဟွာကို ပြောကြားခဲ့သည်။
အပြန်အလှန်ပစ်ခတ်မှုများတွင် အကြမ်းဖက်လက်နက်ကိုင်များလည်း သေဆုံးဒဏ်ရာရမှုများ ရှိ ကြောင်း၊ သို့သော်လည်း သေဆုံးဒဏ်ရာရသူစာရင်းကိုမူ အတိအကျ မသိရှိရသေးကြောင်း ယီမင်လုံခြုံရေးဌာန အရာရှိ တစ်ဦးက ဆင်ဟွာကို ပြောသည်။
အာရေဗျကျွန်းဆွယ်အယ်လ်ကိုင်ဒါး လက်နက်ကိုင်အဖွဲ့ခွဲက ထိုတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ် ကြောင်း သြဂုတ် ၂၉ ရက်က လူမှုကွန်ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
၂၀၀၉ ခုနှစ်တွင် အယ်လ်ကိုင်ဒါးအဖွဲ့ သည် အာရေဗျ နှင့်ယီမင်ရှိ အဖွဲ့ခွဲများကို ပေါင်း၍ အာရေဗျ ကျွန်းဆွယ် အယ်လ်ကိုင်ဒါးအဖွဲ့ခွဲအဖြစ် ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ယီမင်ပြည်တွင်းတွင် မငြိမ် မသက်ဖြစ်ခြင်း၊အာဏာအပြောင်းအလဲဖြစ်ခြင်းများဖြစ်ပွားခဲ့ရာ အာရေဗျကျွန်းဆွယ် အယ်လ်ကိုင်ဒါး အဖွဲ့ခွဲက ၎င်းအခြေအနေကို အသုံးချပြီး ယီမင်ရှိအင်အားကို ချဲ့ထွင်ခဲ့ကြောင်း သိရသည်။ (Xinhua)